Skip to main content

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကွေးတပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ ၂၀

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား မကွေးမြို့ရှိ နယ်မြေခံတပ်ဌာနချုပ် သီဟသူရကျင်စံခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မကွေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် တပ်မတော်၏အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင်ပါဝင်နေမှု

ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများကို ဆောင်ရွက်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေးထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မကြာမီရက်ပိုင်းအတွင်း ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲပြီးစီးချိန်တွင် အနိုင်ရသည့်ပါတီအား နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တပ်မတော်သားများအားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဆန္ဒမဲများ ပေးရာတွင်လည်း တိုင်းပြည်နှင့်ဒေသကောင်းကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအမြင်ရှိသူ၊ လွတ်လပ်ရေးရရှိပြီးကတည်းက ယနေ့ထက်တိုင် ခိုင်မာစွာတည်ရှိနေသည့် တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲဆောင်ရွက်နိုင်သည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သည့်သူ၊ ဥပဒေနှင့်ပတ်သက်၍ အသိပညာရှိသူများကို ရွေးချယ်၍ဆန္ဒမဲများ ပေးနိုင်ရန်လိုကြောင်း၊ တပ်မတော်သည် နိုင်ငံတော်နှင့် အမျိုးသားရေးကို သစ္စာရှိစွာဖြင့် ခေတ်အဆက်ဆက်ဆောင်ရွက်နေသည့် အဖွဲအစည်းတစ်ရပ်ဖြစ်ကြောင်းဖြင့် ဦးစွာပြောကြားပြီး တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေရမှုအခြေအနေများ၊ တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်ကြုံတွေ့ခဲ့ရသည့် ပြည်တွင်းပဋိပက္ခများနှင့် ပြည်ပမှကျူးကျော်မှုများကို “တိုက်ရင်းလေ့ကျင့်၊ လေ့ကျင့်ရင်းတိုက်” ဟူသည့်အတိုင်း အခက်အခဲများကြားမှ သောင်းကျန်းသူချေမှုန်းမှု စစ်ဆင်ရေးများကို ဆင်နွဲခဲ့ရမှုအခြေအနေများ၊ နိုင်ငံတော်မှ ခေတ်အဆက်ဆက်ကျင့်သုံး ဆောင်ရွက်ခဲ့သည့် နိုင်ငံရေးစနစ်များနှင့် ကြုံတွေ့ခဲ့ရမှုများ၊ ပြည်သူတစ်ရပ်လုံး၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး တပ်မတော်မှ အုတ်မြစ်ချဆောင်ရွက်ပေးခဲ့မှု အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြောကြားရာတွင် တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို စနစ်တကျဖြစ်ပေါ်လာအောင် ဦးဆောင်၍ ဖော်ဆောင်ပေးခဲ့သည့် အဖွဲ့အစည်းဖြစ်သကဲ့သို့ မြန်မာ့ဒီမိုကရေစီစနစ်ခိုင်မာအောင် တည့်မတ်ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတစ်ခုပင်ဖြစ်ကြောင်း၊ ပထမဒီမိုကရေစီအစိုးရ သက်တမ်းနှင့် ဒုတိယဒီမိုကရေစီအစိုးရသက်တမ်းတွင်လည်း တပ်မတော်သည် ဒီမိုကရေစီအစိုးရအဖွဲ့များနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးပဋိပက္ခများနှင့် လက်နက်ကိုင်အကြမ်းဖက်မှုများအကြားမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်ကိုလည်း တပ်မတော်ကသာ ဦးဆောင်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် တပ်မတော်နှင့် လက်တွဲဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံး ပါးကိုလိုက်နာစောင့်ထိန်းနိုင်သူ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးအမြင်ရှိသူများကို ရွေးခြယ်၍ ဆန္ဒမဲပေးကြရန်လိုကြောင်း၊ တပ်မတော်သားများအားလုံးအနေဖြင့် မိမိတို့နိုင်ငံ၏ ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းများကို မှန်မှန်ကန်ကန်သိရှိရန်အတွက် စာအုပ်စာပေများကို ဖတ်ရှုလေ့လာနေရန်လိုကြောင်း။

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေသည့် အခိုင်အမာဆုံးအဖွဲ့အစည်းတစ်ခုပင်ဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိပြီးချိန်မှ စတင်၍ ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းသောင်းကျန်းမှုများကို ယနေ့အချိန်အထိ တပ်မတော်အနေဖြင့် ရှင်းလင်းဆောင်ရွက်နေရကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် အမြဲအသင့်ဖြစ်နေစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့အသင့်ဖြစ်နေရန်အတွက် မိမိတို့နေ့စဉ်ဆောင်ရွက်ရမည့် လေ့ကျင့်ရေးလုပ်ငန်းများကို အမြဲမပြတ်ဆောင်ရွက်နေရန်နှင့် မိမိတို့ကိုယ်စီထမ်းဆောင်နေရသည့် တာဝန်များကိုကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သားများ၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မှန်မှန်ကန်ကန်ဆောင်ရွက်သွားမည်ဆိုပါက သက်သာချောင်ချိရေးအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊

တပ်မတော်သားများအားလုံးအနေဖြင့် မိမိတို့ကို ပေးအပ်ထားသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန်နှင့် မိမိကိုယ်တိုင်၊ တပ်မတော်နှင့် နိုင်ငံတော်အတွက် အကျိုးရှိမည်ဆိုပါက လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တပ်နယ်မှူးကလည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တပ်နယ်မှူး၏ ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ ပြည်သူ့စစ်မှုထမ်းများအား ထိခိုက်ဒဏ်ရာရရှိခဲ့မှုအခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆေးရုံလိုအပ်ချက်များအား မေးမြန်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မကွေးမြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာသို့ ရောက်ရှိကြပြီး အိမ်ရာအတွင်းမော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် အိမ်ရာတွင် နေထိုင်လျက်ရှိကြသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်ချက်များမေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။