Skip to main content

နိုင်ငံတော်က အမှန်တကယ်အားထားရမည့် နည်းပညာစွမ်းရည်များပြည့်ဝသည့် လူငယ်အင်ဂျင်နီယာကောင်းများဖြစ်စေရေး ရည်မှန်းချက်ချမှတ် ကြိုးပမ်း

နေပြည်တော် ဒီဇင်ဘာ ၂၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် (West Yangon Technological University- WYTU) ရောက်ရှိပြီး ပါမောက္ခချုပ်နှင့်အတူ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မှာကြားချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်သွားရန် ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပင်မသုံးထပ်ဆောင်သစ်၌ အင်ဂျင်နီယာဘာသာရပ်အလိုက် ပညာသင်ကြားနေကြသော ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး နိုင်ငံတော်က အမှန်တကယ်အားထားရမည့် နည်းပညာစွမ်းရည်များ ပြည့်ဝသည့် လူငယ်အင်ဂျင်နီယာ ကောင်းများဖြစ်စေရေး ရည်မှန်းချက်ချမှတ်ကြိုးပမ်းဆောင်ရွက်ကြရန်၊ AI အပါအဝင် ထွန်းသစ်စနည်းပညာအရွေ့နှုန်းတို့နှင့်အမီ လိုက်ပါနိုင်ရေးလေ့လာဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ ကျောင်းသားအိပ်ဆောင်များ၊ ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့သည်။

ဒီဇင်ဘာ ၁၇ ရက်ကလည်း ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ အစိုးရစက်မှုလက်မှု သိပ္ပံနှင့်အစိုးရနည်းပညာအထက် တန်းကျောင်း (ရွာမ) တို့၌ အင်ဂျင်နီယာဘာသာရပ်အလိုက် လေ့လာသင်ယူလျက်ရှိကြသော ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံပြီး နိုင်ငံတော်ကို အမှန်တကယ်အလုပ်အကျွေးပြုနိုင်ရန်အတွက် နည်းပညာကျွမ်းကျင်မှုအပြင် ကျင့်ဝတ်၊ စည်းကမ်းများကို လေးစားလိုက်နာမှု၊ ဗလငါးတန်နှင့် ပြည့်စုံမှုတို့ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး တင်ပြမှုများကို ပေါင်းစပ်ဖြည့်ဆည်းပေးကာ Agro-based Industries များ MSMEs များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်မီသော နည်းပညာရှင်လိုအပ်ချက်ကို တစ်တပ်တစ်အား ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်သွားရန် မှာကြားကာ ကျောင်းစာကြည့်တိုက်များအတွက် သုတနှင့် ရသစာအုပ်များကို ပေးအပ်လှူဒါန်း၍ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်