(၂၉-၁၂-၂၀၂၅)
H.E. Mr. Sholban Kara-Ool
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ
ကြွရောက်လာကြတဲ့ မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီးနှင့်တကွ တာဝန် ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာမှ ဧည့်သည်တော်များ ခင်ဗျာ။ မနေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံရွေးကောက်ပွဲကို နိုင်ငံတကာကစောင့်ကြည့်လေ့လာရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ပြီး လေ့လာခဲ့ပါတယ်။ ကျွန်တော်တို့ Delegation အဖွဲ့မှာ ရုရှားနိုင်ငံရဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်များပါမက ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်များပါ ပါဝင်ပါတယ်။ သူတို့က မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲသာမက အခြားနိုင်ငံများမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကိုပါ တစ်ကြိမ်မက လေ့လာခဲ့ဖူးပါတယ်။ ကျွန်တော်တို့ အဖွဲ့ဝင်တွေရဲ့ အတွေ့အကြုံများကိုလည်း မိတ်ဆက်ပေးပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေနဲ့ မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲကို ချိန်ထိုးပြီး လာရောက်လေ့လာနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ မနေ့ကလေ့လာခဲ့တဲ့အချိန်မှာ မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်ရဲ့ ကြိုးစား အားထုတ်မှုများကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပါတယ်။ ဒီအလုပ်တွေဟာ တကယ်တော့ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ တကယ်ကြိုးစားအားထုတ်နေတယ်ဆိုတာ သိသာမြင်သာပါတယ်။ ကျွန်တော်တို့ မနေ့ကလေ့လာခဲ့တဲ့အချိန်မှာ ရွေးကောက်ပွဲမဲပေးနေကြတာဟာ အီလက်ထရောနစ်စက်တွေကို အသုံးပြုနေတာ တွေ့ရပါတယ်။ အီလက်ထရောနစ်စက်တွေဟာ တာဝန်ရှိသူများ ရှင်းပြချက်များအရ ပြင်ပက အီလက်ထရောနစ် နှောင့်ယှက်မှုတွေ လုံးဝမပြုလုပ်နိုင်ဘူးဆိုတာလည်း သိရပါတယ်။ ကျွန်တော်တို့ မျက်မြင်ကြည့်တဲ့အချိန်မှာလည်း မှန်ပါတယ်။ ကောင်းကောင်းမွန်မွန်လည်း အလုပ်လုပ်ပါတယ်။ ပြင်ပက နှောင့်ယှက်မှုပုံစံမျိုးလည်း မတွေ့ရပါဘူး။ ဒီစက်တွေကို အသုံးပြုပြီးတော့ ရွေးကောက်ပွဲလုပ်ဆောင်ခြင်းဟာ တကယ်စစ်မှန်တဲ့ ရလဒ်တွေရရှိလာလိမ့်မယ်လို့ သုံးသပ်ရရှိပါ တယ်။ အခုရွေးကောက်ပွဲမှာ Electronic Voting Machine တွေ အသုံးပြုခြင်းဟာ ရွေးကောက်ပွဲအတွက် ဆုလာဘ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ အသုံးပြုတဲ့စက်တွေအနေနဲ့ အရင်တုန်းက ရွေးကောက်ပွဲမဲပေးတဲ့အချိန်မှာ ကြာမြင့်မှုတွေကို အများကြီးလျှော့ချနိုင်တာကို ကျွန်တော်တို့ မျက်မြင်ပဲတွေ့ခဲ့ပါတယ်။ မဲပေးမှုလုပ်ငန်းတွေ မြန်ဆန်လာတာ တွေ့ရှိခဲ့ပါတယ်။ ဆန္ဒမဲပေးမယ့် လူတွေက အတန်းရှည်ကြီးတွေ တန်းစီပြီးတော့ တကယ်ကို တက်ကြွစွာ တွေ့ရပါတယ်။ သူတို့လည်း ပျော်ရွှင်နေကြပါတယ်။ ဒီမှာလုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲကော်မရှင်က ဝန်ထမ်းတွေလည်း ကိုယ့်အလုပ်ကို ဂရုတစိုက် တက်ကြွစွာ လုပ်ဆောင်နေတာ တွေ့ရပါတယ်။ မနေ့က ကျွန်တော်တို့ မဲပေးတဲ့ပြည်သူတွေကို သွားရောက်ပြီး နှုတ်ဆက်စကားနဲ့ အခြားမေးမြန်းမှု အနည်းငယ်ပြုလုပ်ခဲ့ပါတယ်။ သူတို့အားလုံးက တက်ကြွနေကြပါတယ်။ ရွေးကောက်ပွဲကို စိတ်ဝင်တစားလည်းရှိကြပါတယ်။ ပျော်ရွှင်တက်ကြွစွာ မဲပေးဖို့ ပြင်ဆင်နေတဲ့အကြောင်း သူတို့ပြောပါတယ်။ ပါတီတွေက စောင့်ကြည့်နေတဲ့ကိုယ်စားလှယ်တွေကလည်း သူတို့အလုပ်ကို ဂရုတစိုက် လုပ်ဆောင်နေကြတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ မဲပေးတဲ့သူတချို့ဟာ သူတို့မိသားစုဝင်တွေနဲ့ မဲရုံတွေမှာ စောင့်ဆိုင်းနေတာကို တွေ့ရပါတယ်။ ဒါက တကယ့်ကို အပေါင်းလက္ခဏာဆောင်တဲ့သဘောဖြစ်ပါတယ်။ ဒီလိုမျိုးတွေကိုကြည့်ရတာ ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲကို ပြည်သူတွေက ယုံကြည်မှုရှိတယ်။ လုံခြုံရေးကိစ္စရပ်တွေကိုလည်း ယုံကြည်မှုရှိတယ်ဆိုတဲ့ သဘောလက္ခဏာတွေကို ဆောင်ပါတယ်။ ဒါကြောင့် အခုကျင်းပတဲ့ ရွေးကောက်ပွဲအပေါ်မှာ ကျွန်တော့်အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်တာရယ် ရွေးကောက်ပွဲအပေါ်မှာ ဆောင်ရွက်ပေးထားတဲ့ တာဝန်ရှိသူတွေရဲ့ ကြိုးပမ်း အားထုတ်မှုတွေ၊ လုံခြုံမှုအပြည့်အဝပေးနိုင်တာအတွက် ကျွန်တော်တို့ ရုရှား Delegation အဖွဲ့ကိုယ်စား ဂုဏ်ယူပါတယ်လို့ ပြောလိုပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကျင်းပပေးသူတွေရော ပါဝင်တဲ့ပြည်သူတွေပါ လိုလားတဲ့ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အောင်မြင်မှုရှိမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ရွေးကောက်ပွဲအပေါ်မှာ ဥပဒေနဲ့လျော်ညီစွာ ကြိုးပမ်းအားထုတ်မှုတွေဟာ မေ့ပျောက်လို့ရမယ့်ကိစ္စတွေမဟုတ်ပါဘူး။ တာဝန်ရှိသူတွေအနေနဲ့ ဂရုတစိုက်နဲ့လုပ်ဆောင်နေတယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ရွေးကောက်ပွဲကော်မရှင်က ဝန်ထမ်းတွေ ရွေးကောက်ပွဲအပေါ် တကယ့်ကို ကြိုးစားအားထုတ်ခဲ့မှုတွေ၊ မြန်မာနိုင်ငံ အကြီးအကဲရဲ့ ရွေးကောက်ပွဲအပေါ် တကယ့်ကို စိတ်ဆန္ဒအမှန်နဲ့ ကြိုးပမ်းခဲ့မှု၊ မြန်မာနိုင်ငံကပြည်သူတွေ ပြင်းပြစွာဆန္ဒရှိမှုကို ဝမ်းသာဂုဏ်ယူကြောင်း ပြောလိုပါတယ်။ ရွေးကောက်ပွဲအပိုင်း (၁) ကို အောင်မြင်စွာကျင်းပနိုင်ခဲ့မှုအပေါ် များစွာဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။
Mr. Igor Borisov
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်
အခမ်းအနားကို ကြွရောက်လာကြတဲ့မိတ်ဆွေများ မင်္ဂလာပါ။ ကျွန်တော်တို့ Delegation ခေါင်းဆောင် မြန်မာနိုင်ငံမှာ ကျင်းပတဲ့ရွေးကောက်ပွဲအပေါ် သူ့ရဲ့အမြင်တွေကို ပြောပြသွားတာ တော်တော်ပြည့်စုံပါတယ်။ ကျွန်တော်မြင်တွေ့ခဲ့တာကို အနည်းငယ်ပြောပြချင်ပါတယ်။ အခု ကျင်းပပြုလုပ်တဲ့ရွေးကောက်ပွဲက ပွင့်လင်းမြင်သာမှုရှိပါတယ်။ ဥပဒေနဲ့ညီစွာ ဆောင်ရွက်တာမို့လို့ ကျေးဇူးတင်ကြောင်း ပထမဦးစွာ ပြောလိုပါတယ်။ တာဝန်ရှိသူများရဲ့ ကြိုးစားလုပ်ဆောင်ခဲ့မှုကြောင့် ဒီရွေးကောက်ပွဲကို ကျွန်တော်တို့ လေ့လာခွင့်ရခဲ့ပါတယ်။ မဲပေးတဲ့ပြည်သူအချို့နဲ့ ကျွန်တော်တို့ စကားပြောဆိုမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကဝန်ထမ်းတွေနဲ့ သွားရောက်လေ့လာခဲ့တဲ့ မဲရုံတွေက ဝန်ထမ်းတွေနဲ့ စကားပြောဆိုနိုင်ခဲ့ပါ တယ်။ Electronic Voting Machine ရဲ့ အလုပ်လုပ်မှုကိုလည်း သိရှိခဲ့ရပါတယ်။ တာဝန်ရှိသူတွေ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေရော ကျွန်တော်တို့ လာရောက်လေ့လာဖို့အတွက်စီစဉ်ထားတာရော Electronic Voting Machine တွေ အသုံးပြုတာတွေကိုပါ ကောင်းမွန်ပါတယ်လို့ မှတ်ချက်ပေးလိုပါတယ်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ဥပဒေပြုမှုကစလို့ ရွေးကောက်ပွဲအတွက် ကြိုးပမ်းအားထုတ်မှု၊ လုံခြုံရေးဆိုင်ရာထောက်ပံ့ပေးမှု၊ ဝန်ထမ်းများရဲ့ တက်ကြွစွာ လုပ်ဆောင်နေမှုတွေကို ရုရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အဆင့်အတန်းမြင့်တဲ့ ရွေးကောက်ပွဲ၊ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်တယ်ဆိုတာကို ကျွန်တော်ကြေညာလိုပါတယ်။ ကျွန်တော်ထပ်မံပြောလိုတာက ဒီရွေးကောက်ပွဲကို စနစ်တကျဆောင်ရွက်ထားတာဖြစ်လို့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့သူတွေ၊ ဒီမိုကရေစီလမ်းကြောင်းအပေါ်က သွေဖည်အောင်လုပ်နေတဲ့သူတွေကို မတွေ့ခဲ့ပါဘူး။ ရွေးကောက်ပွဲမကျင်းပမီအစောပိုင်းကာလတွေမှာ အင်တာနက်ပေါ်မှာ ဒီရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီးသတင်းတွေ ပျံ့နှံ့အောင် လုပ်ဆောင်ခဲ့တဲ့သူတွေကို တွေ့ရပါတယ်။ မြန်မာနိုင်ငံရွေးကောက်ပွဲကို Information Technology တွေ အသုံးပြုပြီး တိုက်ခိုက်နေတယ်ဆိုတာကိုလည်း ကျွန်တော်တို့ကောင်းကောင်းသိပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရော ပြည်သူတွေပါ ဒီလိုတိုက်ခိုက်မှုတွေကို ရှောင်ရှားကျော်လွှားပြီးတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်မယ့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိစ္စရပ်တွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တယ်ဆိုတာ ကျွန်တော်ပြောလိုပါတယ်။ ကျွန်တော်ထပ်မံပြောကြားလိုတာက မြန်မာနိုင်ငံအကြီးအကဲရဲ့ ထောက်ပံ့ပေးမှု၊ ပြည်သူတွေအားလုံး ရွေးကောက်ပွဲအပေါ် အောင်အောင်မြင်မြင်ကျော်လွှားနိုင်ခဲ့တယ်ဆိုတာ ထပ်လောင်းပြောချင်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေမှာ မြန်မာနိုင်ငံအနေနဲ့ အကူအညီတွေလိုတယ်ဆိုရင် အကူအညီပေးဖို့အသင့်ရှိတယ်ဆိုတာ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
Mr.Deng Xijun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ်
ကျွန်တော်တို့နိုင်ငံအနေနဲ့ အခုလိုမျိုးလာရောက်လေ့လာဖို့ ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုလိုသုံးရက်အတွင်းမှာ လာရောက်ပြီး မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကို ဘယ်လိုမျိုး ပြင်ဆင်ဆောင်ရွက်လျက်ရှိတယ်ဆိုတာကို လေ့လာခွင့်ရတဲ့အတွက် လည်း အထူးပဲဝမ်းသာဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဖိတ်ကြားမှုနဲ့ အခုလိုမျိုးစောင့်ကြည့်လေ့လာခွင့်ရတဲ့အတွက်လည်း အထူးပင်ဝမ်းသာဂုဏ်ယူမိပါတယ်။
အထူးသဖြင့်ကတော့ ရွေးကောက်ပွဲတွေ ဖော်ဆောင်တယ်ဆိုတာ ကျွန်တော်တို့ သမ္မတကြီး ရှီကျင့်ဖျင်နဲ့ မြန်မာနိုင်ငံ ယာယီသမ္မတကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ကြားမှာထားရှိတဲ့ သဘောတူညီမှု၊ တရုတ် - မြန်မာကြား ပူးပေါင်းဆောင်ရွက်မှုတွေကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာဆိုရင် ပူးပေါင်းဆောင်ရွက်မှုတွေ များစွာလုပ်နေတာဖြစ်ပြီးတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကိုလည်း ထောက်ပံ့ကူညီမှုတွေ များစွာ ပြုလုပ်လျက်ရှိပါတယ်။ မနေ့ကဆိုရင် နေပြည်တော်မှာရှိတဲ့ မဲရုံခြောက်ရုံကို သွားရောက်လေ့လာခဲ့ပါတယ်။ အဲ့လိုမျိုး သွားရောက်လေ့လာတဲ့အခါ ကျွန်တော့်အနေနဲ့ အကြမ်းဖျင်း အားဖြင့် အားလုံး ကောင်းမွန်အဆင်ပြေနေတာကို တွေ့ရပါတယ်ခင်ဗျာ။ ကျွန်တော့်အနေနဲ့ တွေ့ရှိ ချက်တွေကို ပြောရမယ်ဆိုရင် ပထမဆုံးအနေနဲ့ မဲရုံပြင်ဆင်ထားရှိမှုတွေက စနစ်ကျတယ်။ တက်ကြွ စွာပါဝင်နေတဲ့ မဲဆန္ဒရှင်တွေကိုလည်း တွေ့ရပါတယ်။ နောက်ဆုံး မဲရုံမှာ မဲရုံပိတ်ဖို့ တစ်နာရီခွဲ လောက်ပဲလိုတော့တာတောင် မဲပေးဖို့ စီတန်းစောင့်နေကြတာကို တွေ့ရတယ်။ ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ကြတဲ့ ဝန်ထမ်းတွေကလည်း လုပ်ငန်းဆောင်ရွက်တာ မှန်ကန်တိကျ ကောင်းမွန်တာကို တွေ့ရပါတယ်။ မဲလာပေးတဲ့ ပြည်သူတွေရဲ့ ID ကတ်တွေနဲ့ သူတို့ရဲ့ အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးနေတာ တွေ့ရပါတယ်။ စိတ်ရှည်လက်ရှည်နဲ့ လုပ်ငန်းဆောင်ရွက်နေကြတာကို တွေ့ရပါတယ်။ အခုကျင်းပတဲ့ ရွေးကောက်ပွဲအပိုင်း (၁) အဆင်ပြေချောမွေ့ပြီး တည်ငြိမ်အေးချမ်းနေ တာကို တွေ့ရပါတယ်။ အောင်မြင်တဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် နောင်ကျင်းပမယ့် အပိုင်း (၂) နဲ့ အပိုင်း (၃) မှာလည်း အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်လို့ ယူဆပါတယ်။ မဲဆန္ဒရှင်တွေမှာ မျှော်မှန်းချက်တွေရှိတယ်ဆိုတာကိုလည်း တွေ့ခဲ့ရတယ်။ ရွေးကောက်ပွဲပြီးရင် သူတို့ဘဝတွေ ပိုကောင်းလာမယ်။ စီးပွားရေးတွေ ကောင်းလာမယ်။ အချို့နေရာတွေမှာ ပဋိပက္ခတွေ လျော့ကျသွားပြီး အေးချမ်းတည်ငြိမ်သွားမယ်။ ယခုရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ အောင်မြင်တယ်လို့ ယူဆပါတယ်။ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ အတူယှဉ်တွဲနေထိုင်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ ကောင်းမွန်တဲ့၊ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးရှိသော နိုင်ငံတွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာ ကို အမြဲတမ်းကူညီပေးဖို့ အသင့်ရှိနေပါတယ်။ နှစ်နိုင်ငံကြား ဖွံ့ဖြိုးတိုးတက်မှုတွေကို ရရှိအောင် ထူထောင်သွားဖို့အတွက် ဆန္ဒရှိပါတယ်။ ဒါကြောင့်မို့ ဒီရွေးကောက်ပွဲမှသည် မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးစတဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကို ပူးပေါင်းဆောင်ရွက်သွားဖို့ ဆန္ဒရှိပါတယ်ခင်ဗျာ။
Mr . Alexei Bashan
ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ
ယနေ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ဘယ်လာရုစ်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲများ မည်ကဲ့သို့ကျင်းပမည်နှင့် ၎င်းတို့ကို မည်သို့စီစဉ်ထားသည်ကို စောင့်ကြည့်ရန်အတွက် လေ့လာသူများအဖြစ် လာရောက်ခြင်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပထမဆုံး သတိပြုမိတာကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်နိုင်စွမ်းက အလွန်တရာစနစ်ကျနမှုရှိပြီး အရည်အသွေးပြည့်ဝမှုရှိတယ်ဆိုတာပါပဲ။ သတ်မှတ်ထားတဲ့ မဲရုံတွေမှာ နိုင်ငံသား များ လွတ်လပ်စွာနှင့် လုံခြုံစွာ မဲပေးနိုင်စေရန်အတွက် အစွမ်းကုန်လုပ်ဆောင်ထားပါတယ်။ ဒီလိုလုံခြုံရေးအာမခံချက်ရှိဖို့က မဲရုံတစ်ခုအတွက် လွန်စွာအရေးကြီးပါတယ်။ မဲဆန္ဒရှင်အများအပြားက သူတို့ကိုယ်ပိုင် ရွေးချယ်မှုပြုလုပ်ပြီး သူတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့ မဲပေးဖို့လာရောက်ကြတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒါက အလွန်ကောင်းပါတယ်၊ ဘာလို့လဲဆိုတော့ လူငယ်တွေနဲ့ မိသားစုဝင်တွေပါမကျန် လာရောက်မဲပေးတဲ့အတွက် လျစ်လျူရှုသူမရှိဘဲ စိတ်ဝင်စား အလေးထားကြ တယ်ဆိုတာ ထင်ရှားလို့ပါ။ ယနေ့မှာ နိုင်ငံသားများက လွှတ်တော်အမတ်များကို ရွေးကောက်တင်မြှောက်နိုင်စေဖို့ တတ်နိုင်သမျှ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ကျွန်ုပ်တို့ သတိပြုမိပါတယ်။ ၎င်းအမတ်တွေနဲ့ နောက်ပိုင်းမှာ အစိုးရတစ်ရပ်ဖွဲ့စည်းပြီး နိုင်ငံတော်ကို ဆက်လက်တည်ဆောက်ကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံပြည်သူများက သူတို့ရဲ့ကံကြမ္မာကို ကိုယ်တိုင်ဆုံးဖြတ်လိုတဲ့အတွက် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြတာကို တွေ့ရှိရပါ တယ်။ ဒါဟာ အထူးဂုဏ်ယူဝမ်းမြောက်စရာပါပဲ။ ဥပဒေချိုးဖောက်မှုများမရှိကြောင်း ကျွန်ုပ်တို့ သတိပြုမိပြီး အီလက်ထရောနစ် မဲပေးစက်များကို အသုံးပြု၍ မဲပေးခြင်းရဲ့ ဆန်းသစ်တီထွင်မှုကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။ ဒါက လုပ်ငန်းစဉ်ကို မြန်ဆန်စေပြီး နှောင့်နှေးမှုတွေကို ဖယ်ရှားပေးတယ်ဆိုတာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ မဲပေးဖို့ ရှည်လျားတဲ့ လူတန်းတွေမရှိပါဘူး။ အရာအားလုံးက ရိုးရှင်းပြီး မြန်ဆန်လွယ်ကူစေပါတယ်။ မဲရုံဝန်ထမ်းတွေ (မဲရုံတွေကို စီစဉ်သူတွေ) နဲ့ မဲဆန္ဒရှင်တွေကိုယ်တိုင်အတွက် ကနဦးလေ့ကျင့်မှုတွေအပါအဝင် လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်လုပ်ဆောင်ခဲ့တဲ့အတွက် ကျွန်တော်တို့အနေနဲ့ အထူးဝမ်းသာဂုဏ်ယူပါတယ်။ မဲဆန္ဒရှင် လူကြီးလူငယ်အရွယ်မရွေး အားလုံးက ယုံကြည်မှုရှိစွာနဲ့ မဲပေးဖို့ အချိန်မီလာရောက်ပါတယ်။ အလုံးစုံခြုံပြောရရင် မဲဆန္ဒရှင်ပြည်သူတွေမျက်နှာပေါ်မှာ အပြုံးတွေ ဝေဆာနေတာတွေ့ရတဲ့အတွက် ဒါက ဘာကိုဆိုလိုတာလဲဆိုရင် သူတို့အနာဂတ်အတွက် သူတို့ ယုံကြည်မှုရှိတယ်ဆိုတာပါပဲ။ ကျေးဇူးတင်ပါတယ်။
Mr. Shpakouski Aliaksandr
ဘယ်လာရုစ် လွှတ်တော်အမတ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လွှတ်တော်အဖွဲ့ရဲ့ အကြီးအကဲများဟာ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိနေခဲ့ရာ ယနေ့မှာ မြို့တွင်းရှိ မဲရုံသုံးခုကို သွားရောက်ခဲ့ကြတယ်။ လက်ရှိအချိန်မှာ တည်ငြိမ်အေးချမ်းလျက်ရှိပြီး ပြည်သူတွေရဲ့ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ဖို့ အခြေအနေ အားလုံးကို ဖန်တီးထားပြီးဖြစ်ကြောင်း တင်ပြလိုပါတယ်။ ရွေးကောက်ပွဲများသည် တရားဝင်နိုင်ငံရေး လုပ်ငန်းစဉ်ရဲ့ တစ်ခုတည်းသော မှန်ကန်တဲ့လမ်းစဉ်ဖြစ်ကာ အာဏာတည်ဆောက်မှု၊ လွှတ်တော်ကျင်းပနိုင်မှုမှာ သန့်ရှင်းသော ယှဉ်ပြိုင်မှုဖြစ်တယ်လို့ ကျွန်ုပ်တို့ ယုံကြည်ပါတယ်။ တွေ့ဆုံဆွေးနွေးမှုနဲ့ အရပ်ဘက်သဘောတူညီချက်အတွက် တိကျတဲ့ခြေလှမ်းတစ်ရပ်ကို လှမ်းနေတာ ထင်ရှားပါတယ်။ လူ့အဖွဲ့အစည်းမှာပါဝင်ဖို့ ငြင်းဆန်တဲ့ နိုင်ငံရေး အင်အားစုတွေဟာ ဥပဒေနယ်ပယ်ကနေ သူတို့ကိုယ်သူတို့ ဖယ်ထုတ်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတဲ့လမ်းကြောင်းကို လျှောက်လှမ်းနေကြတာပါ။ အဲဒီလို နိုင်ငံရေးအင်အားစုတွေဟာ နေရာတစ်နေရာကနေ အခြေခံအားဖြင့် ရွေးကောက်ပွဲလှုပ်ရှားမှုများမရှိအောင် ဖျက်ဆီးနေကြပါတယ်။ လွှတ်တော်ရွေး ကောက်ပွဲရလဒ်များအပေါ် အခြေခံပြီး ပြည်ထောင်စုသမ္မတနိုင်ငံမှာ ဥပဒေပြုအာဏာပိုင် အဖွဲ့အစည်းတွေ ဖွဲ့စည်းနိုင်လိမ့်မယ်လို့ ကျွန်ုပ်တို့ ယုံကြည်ပါတယ်။ ဘယ်လာရုစ်နိုင်ငံအနေနဲ့ ကူညီပါဝင်အားဖြည့်ရန် အမြဲအသင့်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်တာကာလအတွင်း မြန်မာနိုင်ငံအစိုးရဟာ ပြည်တွင်းနိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ အောင်မြင်မှုတွေ ရရှိခဲ့တယ်။
လက်ရှိအခြေအနေမှာ ခက်ခဲနေဆဲဖြစ်သော်လည်း ဘယ်လာရုစ်နိုင်ငံဟာ ကျွန်ုပ်တို့ရဲ့ မြန်မာမိတ်ဆွေများကို လိုအပ်သော နိုင်ငံရေးပံ့ပိုးမှုတွေ ပေးအပ်ဖို့ အမြဲအသင့်ရှိနေပြီး ယခုလို ဘယ်လာရုစ်မှ လေ့လာသူများလည်း ရှိနေပါတယ်။ ဤသည်မှာ ကျွန်ုပ်တို့ရဲ့ခေါင်းဆောင်က မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို ခိုင်မာစေရန် ရည်ရွယ်ချက်ကို ထောက်ခံကြောင်း သက်သေခံ ချက်တစ်ခု ဖြစ်တယ်။
Mr. Yerman Mukhtar
ကာဇက်စတန်နိုင်ငံ ရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ
ကျွန်တော့်အနေနဲ့ တက်ရောက်လာတဲ့ ဧည့်ပရိသတ်များအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ပထမဆုံး ပြောကြားလိုတာကတော့ ဒီမှာတက်ရောက်လာကြတဲ့ ဧည့်သည်တော် များအားလုံးဟာ မြန်မာနိုင်ငံနဲ့ ကာဇက်စတန် နိုင်ငံနှစ်နိုင်ငံအကြားမှာ ရင်းနှီးတဲ့ဆက်ဆံရေးဖြစ်တဲ့ သံတမန်ဆက်ဆံရေးတည်ဆောက်ဖို့အတွက် အဓိကကျတဲ့အခန်းကဏ္ဍကနေပါဝင်မှာဖြစ်တဲ့အကြောင်း ပထမဦးစွာ ပြောကြားလိုပါတယ်။ ကျွန်တော်ကတော့ ကာဇက်စတန်နိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် ဒုတိယဥက္ကဋ္ဌဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့ ဒီကိုလာရတဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ လာရောက်ကြည့်ရှုလေ့လာဖို့နဲ့ ကျွန်တော်တို့ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ရှေ့ဆက်ပြီး ပူးပေါင်းလုပ်ဆောင်ဖို့နဲ့ နှစ်နိုင်ငံကြားကိစ္စရပ်တွေ ကို ဆွေးနွေးဖို့အတွက် လာရောက်ရခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်ကို ကျွန်တော်တို့ လာရောက်လေ့လာတဲ့အခါမှာ လှိုက်လှဲစွာ ကြိုဆိုတဲ့အတွက်ရော လေ့လာဖို့အတွက် အကောင်းဆုံးအခြေအနေတစ်ခု ဖန်တီးပေးတာကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ ရောက်လာတဲ့အချိန်ကနေစပြီးတော့ ရန်ကုန်မြို့မှာရော နေပြည်တော်မှာပါ မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သက်ဆိုင်ရာ သတင်းအချက်အလက်ပေါင်းများစွာကို ရရှိခဲ့ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီး ပြောကြားခဲ့တဲ့ မိန့်ခွန်းဟာဆိုရင် မြန်မာနိုင်ငံရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ဆောင်နေတဲ့ Process တွေအားလုံးနဲ့ ရွေးကောက်ပွဲမှာအသုံးပြုမယ့် နည်း ပညာပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ကျွန်တော်တို့ ကောင်းစွာသိရှိခဲ့ရပါတယ်ခင်ဗျ။ မြန်မာနိုင်ငံ ရွေးကောက်ပွဲမှာဆိုရင် တကယ့်ကို အသုံးဝင်ပြီးတော့ တကယ့်ကိုပြိုင်ဆိုင်မှုရှိတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို တွေ့ရှိခဲ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ယခုတွေ့ရှိခဲ့တဲ့ ကောင်းမွန်တဲ့ အချက်အလက်တွေကို ပြန်လည်အသုံးချသွားဖို့ အတွက်လည်း စဉ်းစားထားပါတယ်။ ရွေးကောက် ပွဲနဲ့ ပတ်သက်တဲ့ ကျွန်တော့်အမြင်လေးတွေကို တင်ပြလိုပါတယ်။ တစ်ရက်တည်းမှာ အခုလို ရွေးကောက်ပွဲတစ်ခုကို လုပ်ဆောင်ရတာဟာ တကယ့်ကိုကြီးမားတဲ့ အလုပ်တစ်ခုလည်း ဖြစ်ပါတယ်။ အခုလိုလုပ်ဆောင်တဲ့နေရာမှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ခက်ခဲတဲ့ ရှုထောင့်တစ်ခုကို ကျွန်တော် တို့ တွေ့ရပါတယ်။ တစ်ရက်တည်းနဲ့ လူတွေအများကြီးစုပြီး လုပ်ဆောင်ရတာ အများကြီးခက်ခဲ ပါတယ်။ ရွေးကောက်ပွဲလုပ်ဆောင်တဲ့နေရာမှာ ရွေးကောက်ပွဲကော်မရှင်သာမက သက်ဆိုင်ရာပါတီအသီးသီးက ကိုယ်စားလှယ်တွေအနေနဲ့ လာရောက်ကြည့်ရှုပြီးတော့ အားလုံးပူးပေါင်းလုပ်ဆောင်တာ တွေ့ရပါတယ်။ နောက်တစ်ခု ကျွန်တော်တွေ့ရှိတာကတော့ မဲဆန္ဒရှင်စာရင်းတွေ သေသေချာချာလုပ်ဆောင်ထားတာကို တွေ့ရှိရပါတယ်။ သက်ဆိုင်ရာ မဲရုံတွေမှာ မဲလာပေးမယ့် မဲဆန္ဒရှင်အားလုံး သူတို့ရဲ့စာရင်းတွေကို အလွယ် တကူ ရှာဖွေတွေ့ရှိအောင် လုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းကပ်ထားတဲ့ဘုတ်တွေမှာ မိမိတို့စာရင်းတွေကို ကြည့်ရုံသာမက မဲပေးတဲ့နေရာရောက်ရင် လည်း သူတို့စာရင်းကို စာအုပ်မှာကြည့်ပြီးတော့ လက်မှတ်ထိုးပြီးတော့ ဆန္ဒပြုခန်းမှာသွားပြီး လျှို့ဝှက်မဲပေးကြတာ တွေ့ရပါတယ်။ မဲရုံတွေမှာ မဲပေးစက်ကို အကောင်းဆုံး သေသေချာချာ ထိရောက်မှုအပြည့်နဲ့ သုံးစွဲသွားတာကို တွေ့ရပါ တယ်။ မဲဆန္ဒပေးတဲ့လူတွေက တက်တက်ကြွကြွပါဝင်ပြီး မဲပေးကြတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် ပြည်တွင်း/ပြည်ပမှ သတင်းရယူကြတဲ့ သတင်းထောက်တွေ ရွေးကောက်ပွဲကျင်းပနေတာကို နိုင်ငံပိုင်မီဒီယာများမှ သတင်းရယူထုတ်လွှင့်နေတာကိုလည်း တွေ့ရှိရပါတယ်။ အရေးကြီးတဲ့အချက်တစ်ခုကတော့ မဲပေးကြတဲ့သူတွေအထဲမှာ လူငယ်များစွာပါဝင်တာကို တွေ့ရပါတယ်ခင်ဗျ။ ဒါကတော့ ဘာကိုပြသသလဲဆိုရင် ရွေးကောက်ပွဲ အပိုင်းတစ်မှာ လူငယ်များစွာ ပါဝင်နေတဲ့အတွက် မြန်မာနိုင်ငံရဲ့ လူငယ်တွေဟာ ဖြစ်ပေါ်လာမယ့် အနာဂတ်အတွက် မျှော်လင့်ချက်ကြီးကြီးထား တယ်ဆိုတာမျိုး သုံးသပ်လို့ရပါတယ်။ နောက်ထပ် ပြောလိုတာကတော့ ကျွန်တော်တို့နှစ်နိုင်ငံအကြားသံတမန်ဆက်ဆံရေး ဆတက်ထမ်းပိုးတိုးပွားစေဖို့ ကျွန်တော်တို့အနေနဲ့ အသင့်ရှိကြောင်းပြောကြားလိုပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြောလိုတာကတော့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်ပါစေလို့ ဆုတောင်းပေးပါတယ်။ အားလုံး ကို ကျေးဇူးတင်ပါတယ်။
H.E. Mr. YICH Samethy
ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်
ကျွန်တော့်အနေနဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ရွေးကောက်ပွဲကော်မရှင်ကိုယ်စား လာရောက်လေ့လာခွင့်ရတဲ့အတွက် အထူးပဲကျေးဇူးတင်ရှိပါ တယ်။ ကျွန်တော်က မနေ့က နေပြည်တော်မှာရှိတဲ့ မဲရုံတွေကို သွားရောက်လေ့လာတဲ့အခါမှာ အောက်ဖော်ပြပါလေ့လာတွေ့ရှိချက်များကို ကျွန်တော် မျှဝေပေးလိုပါတယ်ခင်ဗျ။ ပထမဆုံးအနေနဲ့ မဲရုံများကို ပြင်ဆင်ထားရှိမှုနဲ့ ကျင်းပဆောင်ရွက်မှုတွေ ဟာဆိုရင် အလွန်ကိုပြီးပြည့်စုံပြီးတော့ အေးချမ်းတာကို တွေ့ရပါတယ်။ မဲဆန္ဒရှင်များအနေနဲ့လည်း ကောင်းမွန်စွာနဲ့ရွေးကောက်ပွဲကို ၎င်းတို့ရဲ့ဒီမိုကရေစီအခွင့်အရေးများကို အသုံးချပြီး ပြင်ပမှ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း၊ ခြိမ်းခြောက်ခြင်းတစ်စုံတစ်ရာမခံရဘဲ မဲပေးနိုင်ခဲ့တာကို တွေ့နိုင်ခဲ့ပါတယ်။ နောက်တစ်ခုကတော့ မဲရုံမှာ တာဝန်ကျတဲ့အရာရှိများအားလုံးကလည်း ပြဋ္ဌာန်းတဲ့ ဥပဒေ၊ နည်းဥပဒေများနဲ့အညီ မဲပေးခြင်း၊ မဲရေတွက်ခြင်းနဲ့ မဲပေးခြင်းလုပ်ငန်းစဉ်ကို ကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်နေတာ တွေ့ခဲ့ရပါတယ်။ နောက်တစ်ခုကတော့ ပွင့်လင်းမြင်သာမှုဖြစ်ပါတယ်။ မဲပေးတဲ့လုပ်ငန်းစဉ်တစ်လျှောက်လုံး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ပြီးတော့ သေချာစွာမဲရုံကို ပိတ်သိမ်းခြင်း၊ မဲပေးခြင်းနဲ့ မဲရေတွက်ခြင်းကိုလည်း သက်ဆိုင်ရာ ပတ်သက်သူများ၊ Stakeholder များအားလုံးက ပါဝင်ပတ်သက်ပြီးတော့ နိုင်ငံရေးပါတီ များအပြင် နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူများ၊ မီဒီယာများကပါ အတူတူပူးပေါင်းတာမျိုးကို ကျွန်တော်တို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ စတုတ္ထအချက်အနေနဲ့ မြန်မာအီလက်ထရောနစ် မဲပေး စက်များကိုအသုံးပြုပြီး မဲပေးသူမဲဆန္ဒရှင်များအနေနဲ့ မဲပေးနိုင်ခဲ့တဲ့အတွက် မဲပေးခြင်းနဲ့ မဲရေတွက်ခြင်းများကို ယခင်ကထက် ပိုမိုမြန်ဆန်ပြီး ပိုမိုတိကျမှန်ကန်တာကိုလည်း ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် မဲလာပေးကြတဲ့ မဲဆန္ဒရှင်ပြည်သူများက မဲပေးစက်နဲ့ပတ်သက်ပြီး ကောင်းမွန်စွာ သိရှိနားလည်ထားတာကိုလည်း ကျွန်တော်တို့ တွေ့ရှိခဲ့ရပါတယ်ခင်ဗျ။ ပဉ္စမအချက်အနေနဲ့ကတော့ မဲရုံမှာ ကောင်းမွန်စွာနဲ့ လုံခြုံစိတ်ချစွာမဲပေးနိုင်ရုံမျှသာမကဘဲ မဲရုံ ဝန်ထမ်းတွေအတွက် ကောင်းမွန်မှန်ကန်တဲ့လုံခြုံရေး စီစဉ်ဆောင်ရွက်ထားရှိတာကို ကျွန်တော်တို့ တွေ့ရှိခဲ့ရပါတယ်။ ဆဋ္ဌမအချက်အနေနဲ့မမှန်မကန် ပြုလုပ်ခြင်းများကို ကျွန်တော်တို့ တစ်စုံတစ်ရာမှ မတွေ့ရှိခဲ့ရပါဘူး။ အဲလိုမျိုးမတွေ့ခဲ့ရတဲ့အပြင် ရွေးကောက်ပွဲကို ကောင်းမွန်ချောမွေ့စွာနဲ့ ဆောင်ရွက်ထားနိုင်ခဲ့တယ်ဆိုတာကို တွေ့ရှိခဲ့ရပြီး မမှန်မကန် ဆောင်ရွက်ခြင်း တစ်စုံတစ်ရာမှ မတွေ့ခဲ့ရပါဘူး။ နောက်တစ်ခုက မဲရုံတွေဟာဆိုရင် မဲဆန္ဒရှင်အားလုံးအတွက် သွားရောက်ဖို့လွယ်ကူပြီး မဲပေးဖို့အတွက်လည်း လွယ်ကူအဆင်ပြေချောမွေ့စွာ ဆောင်ရွက် ထားတာတွေ့ရတဲ့အတွက်ကြောင့် အခုကျင်းပတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ ပြီးပြည့်စုံပြီးတော့ အားလုံးတာဝန်ခံမှုရှိတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရှိခဲ့ရပါတယ်ခင်ဗျ။ နိဂုံးချုပ်အနေနဲ့ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကို မြန်မာနိုင်ငံအစိုးရရဲ့ဖိတ်ကြားချက်အရ ကျွန်တော် တို့အနေနဲ့ လာရောက်လေ့လာခဲ့တဲ့အခါမှာ မဲရုံ ပေါင်းများစွာကို လေ့လာခဲ့ကြပါတယ်။ ကျွန်တော်တို့ လေ့လာခဲ့တဲ့ မဲရုံများဟာဆိုရင် ဥပဒေ၊ နည်းဥပဒေနဲ့အညီ အေးချမ်းစွာနဲ့ ကောင်းမွန်စွာကျင်းပခဲ့တာကို တွေ့ရှိခဲ့ပြီး လွတ်လပ်တရားမျှတပြီး ပွင့်လင်းမြင်သာတဲ့ပုံရိပ်နဲ့ ဖော်ဆောင်ခဲ့တာ တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် မမှန်မကန်ဆောင်ရွက်မှု လုံးဝတစ်စုံတစ်ရာ မတွေ့ရှိရတဲ့အတွက်ကြောင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကြီးတစ်ခုလုံး ကောင်းမွန်မှန်ကန် ခိုင်မာမှုရှိပြီး အများယုံကြည်လက်ခံမှုကိုလည်း ဖော်ဆောင်နိုင်ခဲ့တာကိုလည်း ကျွန်တော်တို့ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် နောင်လာမည့်ရွေးကောက်ပွဲအဆင့်တွေ မှာလည်း ယခုအဆင့်မှာလိုပဲ ကောင်းမွန်စွာနဲ့ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်မိပါတယ်။ အခုလိုဖိတ်ကြားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ၂၀၂၆ ခုနှစ်ကို ရောက်ရှိတော့မှာဖြစ်တဲ့အတွက် အဆွေတော်နဲ့ ဧည့်သည်တော်များအားလုံး ကောင်းမွန်သော နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ။
