Skip to main content

နိုင်ငံတော်ဩဝါဒါစရိယ၊ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ပဓာနမဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ တိလောကာဘိဝံသ ဆရာတော်ဘုရားကြီး၏ ၂၀၂၆ ခုနှစ်အတွက် နှစ်သစ်ဆုတောင်း သဝဏ်လွှာ

ဒီနေ့ဟာ ၂၀၂၅ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၆ ခုနှစ် နှစ်သစ်မင်္ဂလာ အခါသမယဖြစ်ပါတယ်။ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအပါအဝင် ကမ္ဘာသူကမ္ဘာသားအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ၊ နှစ်သစ်မှစ၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ကပ်ဘေးအပေါင်းတို့မှကင်း‌ဝေးလို့ လိုရာဆန္ဒပြည့်ဝကြပါစေ၊ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးဖြစ်ပါစေလို့လည်း အထူးဆုတောင်းမေတ္တာ ပို့သပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အပါအဝင် ကမ္ဘာသူ ကမ္ဘာသားတွေကို ဆရာတော်ပြောကြားလိုတာက နှစ်ဟောင်းက မကောင်းတဲ့စိတ်ဓာတ်၊ အညစ်အကြေး၊ လုပ်ရပ်အညစ်‌အကြေးတွေ နှစ်ဟောင်းမှာထားခဲ့ပြီး နှစ်သစ်မှာ စိတ်ဓာတ်ရော၊ လုပ်ရပ်ရောအကောင်းဆုံးဖြစ်အောင် ကြိုးစားကြ ပါလို့ အထူးပဲ တိုက်တွန်းပါတယ်။ မင်္ဂလာအပေါင်းနှင့်လည်း ပြည့်စုံကြပါစေ။

မင်္ဂလာအပေါင်းနှင့် ပြည့်စုံဖို့ဆိုတာ ပါးစပ်ကပြောရုံနဲ့ မပြီးဘူး၊ တကယ့်လက်တွေ့ မင်္ဂလာရှိတဲ့ လုပ်ငန်းတွေ လုပ်ဖို့လည်း လိုအပ်တယ်။ မင်္ဂလာရှိတဲ့လုပ်ငန်းတွေ လုပ်တယ်ဆိုရာမှာ အချိန်ဆိုတာ တားထားလို့ ရတဲ့အရာမဟုတ်ဘူး။ “အချိန်နှင့် ဒီရေသည် လူကိုမစောင့် ဆိုတဲ့ အတိုင်း အချိန်ဟာ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း၊ နေ့ရက်၊ လတွေ၊ နှစ်တွေမှာ ကုန်ဆုံးသွားတာ၊ ရရှိတဲ့အချိန်မှာ မိမိအတွက် အကောင်းဆုံး ဖြစ်အောင် အကျိုးရှိအောင်၊ ကျန်အောင်ပြုလုပ်ဖို့ အရေးကြီးတယ်။ ပြုလုပ်တဲ့အခါမှာ မှတ်လို့လွယ်အောင် “သင့်တွက် ရလာ၊ ချိန်အခါ၊ သင့်မှာ ကောင်းကျိုးကျန်ပါစေ။ အချိန်ရှိခိုက်၊ လုံ့လစိုက်၊ ယူလိုက် ကုသိုလ်၊ ပညာ၊ ဥစ္စာတွေ ဆိုတဲ့အတိုင်း အချိန်ဆိုတာ မိမိအတွက် ရလာတာကို မိမိကောင်းကျိုးကျန်ဖို့ အရေးကြီးတယ်။ ကောင်းကျိုး ကျန်ဖို့ဆိုတာ အချိန်တိုင်းမှာ ကုသိုလ်၊ ပညာ၊ ဥစ္စာ သုံးခုထဲက တစ်ခုခုကိုလည်းကောင်း၊ သုံးခုလုံးကိုသော်လည်းကောင်း ရအောင်ယူနိုင်မှ အကျိုးရှိမှာဖြစ်တယ်၊။ အချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်နိုင်ကြပါစေ။

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံဖို့ဆိုတာ လက်တွေ့မှာ မင်္ဂလာတရား တော်ကို လိုက်နာကျင့်သုံးဖို့လည်း လိုအပ်တယ်။ ကြီးပွားကြောင်း၊ ချမ်းသာကြောင်း၊ အောင်မြင်ကြောင်း တရားတွေကို မြတ်စွာဘုရားက မင်္ဂလသုတ်ဒေသနာမှာ သုံးဆယ့်ရှစ်ဖြာမင်္ဂလာအနေနဲ့ ဟောကြားခဲ့ တာရှိတယ်။ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာထဲက ပထမဆုံးမင်္ဂလာကို ‌နမူနာအနေနဲ့ ပြောကြားလိုပါတယ်။

အသေဝနာ စ ဗာလာနံ- ၌ ဗာလကို-

၁။ ပညတ်အနေနှင့် ရှုမြင်မယ်ဆိုလျှင် လူဆိုးလူမိုက်ပုဂ္ဂိုလ်ဖြစ်သည်။

၂။ ရုပ်ပရမတ်အနေနှင့် ရှုမြင်မယ်ဆိုလျှင် ဆိုးမိုက်သော ကာယကံမှု၊ ဝစီကံမှုဖြစ်သည်။

၃။ စိတ်၊ စေတသိက် နာမ်ပရမတ်အနေနှင့် ရှုမြင်မယ်ဆိုလျှင် ဆိုးမိုက်သော အကုသိုလ် စိတ်၊ စေတသိက် ဖြစ်သည်။

ဆိုးမိုက်သောပုဂ္ဂိုလ်ဖြစ်ရခြင်းမှာ ဆိုးမိုက်သော လုပ်ရပ်ကြောင့် ဖြစ်သည်။ ဆိုးမိုက်သောလုပ်ရပ် လုပ်သည်မှာလည်း ဆိုးမိုက်သော စိတ်ဓာတ်ကြောင့် ဖြစ်သည်။ ဆိုးမိုက်သော စိတ်ဓာတ်ကြောင့် ဆိုးမိုက် သောလုပ်ရပ် လုပ်ကြသည်။ ဆိုးမိုက်သောလုပ်ရပ် လုပ်သူကို ဆိုးမိုက် သောပုဂ္ဂိုလ်ဟု လောက၌ ခေါ်ဝေါ်သတ်မှတ်ကြသည်။ ဆိုးမိုက်သော စိတ်ဓာတ်များကို အဘိဓမ္မာ၌ အကုသိုလ်ဟုခေါ်သည်။ ဆိုးမိုက်သော လုပ်ရပ်များကိုတော့ မကောင်းမှုဒုစရိုက်ဟု ခေါ်သည်။ ‌မကောင်းမှု ဒုစရိုက် ပြုလုပ်သူ၊ ကျူးလွန်သူကို လူဆိုး၊ လူမိုက်၊ လူယုတ်မာဟု လောက၌ ခေါ်‌ဝေါ်သတ်မှတ် ပညတ် ကြသည်။ ယင်းသို့ဖြစ်ခြင်းကြောင့် ဗာလဟူသည် ဆိုးမိုက် ယုတ်မာသော စိတ်ဓာတ်နှင့်လည်း ဆိုင်သည်၊ ဆိုးမိုက်ယုတ်မာသော လုပ်ရပ်နှင့်လည်း ဆိုင်သည်၊ ဆိုးမိုက်ယုတ်မာ သော ပုဂ္ဂိုလ်နှင့်လည်းဆိုင်သည်၊ ထို့အတူ ဖြူစင်သန့်ရှင်းသော စိတ်ဓာတ်ကြောင့် ဒါန၊ သီလ၊ ဘာဝနာစသော ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသည်၊ ကုသိုလ်ကောင်းမှုပြုလုပ်သူကို သူတော်စင်ပညာရှင်ဟု ခေါ်ဆိုကြသည်။

စိတ်ဓာတ်၊ လုပ်ရပ်၊ နှစ်ရပ်ပေါ်မှာ၊ ယုတ်၊ မြတ်ဟာ၊ တည်တာအမှန်ဖြစ်။

စိတ်ဓာတ်၊ လုပ်ရပ်၊ မြင့်မြတ်ဖြူစင်၊ သူတော်စင်၊ ယုတ်လျှင် သူယုတ်မာ။

အသေဝနာ စ ဗာလာနံ- ဗာလကို မပေါင်းသင်းခြင်းမင်္ဂလာဖြစ်ဖို့ရာ အဘိဓမ္မာဒေသနာဖြင့် ရှုမြင်မည်ဆိုလျှင် -

၁။ ဆိုးမိုက် ယုတ်မာသောပုဂ္ဂိုလ်နှင့် မပေါင်းသင်းခြင်း၊ သူ့အတု မလိုက်ခြင်း၊

၂။ ဆိုးမိုက် ယုတ်မာသော မကောင်းမှု ဒုစရိုက်မှ ကိုယ်တိုင် ရှောင်ကြဉ် ခြင်း၊ မပြုလုပ်ခြင်း၊

၃။ ဆိုးမိုက် ယုတ်မာသော အကုသိုလ်စိတ်ဓာတ် ကိုယ်တိုင် မမွေးခြင်း ဟူသော အချက် သုံးချက်လုံးနှင့် ဆိုင်သည်။

ဤအချက် သုံးချက်လုံး ပြည့်စုံမှ အသေဝနာ စ ဗာလာနံ - ဗာလ ကို မပေါင်းသင်းခြင်းမင်္ဂလာ အပြည့်အစုံဖြစ်မည်၊ အသေဝနာ စ ဗာလာန မင်္ဂလာနှင့် ပြည့်စုံအောင် ဆိုးမိုက်တဲ့ စိတ်ဓာတ်တွေမမွေးနဲ့၊ ဆိုးမိုက်တဲ့လုပ်ရပ်တွေ မလုပ်နဲ့၊ ဆိုးမိုက်တဲ့ လူဆိုးလူမိုက် လူယုတ်မာ ကို မပေါင်းသင်းနဲ့၊ ဒါက နမူနာအနေနဲ့ ပြောလိုက်တာ။ ဒါ့ကြောင့် အသေဝနာ စ ဗာလာနံ- ဗာလ ကို မပေါင်းသင်းခြင်းမင်္ဂလာ လိုက်နာ ခြင်း၊ ကျန်သောမင်္ဂလာများကိုလည်း လိုက်နာခြင်းဖြင့် ၂၀၂၆ ခုနှစ်သစ် မှာ မင်္ဂလာပေါင်းနှင့်ပြည်စုံပြီး ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးဖြစ်နိုင်ပါစေ ကြောင်း နှစ်သစ်ဆုတောင်း သဝဏ်လွှာ မိန့်အပ်ပါသတည်း။