ရန်ကုန် ဒီဇင်ဘာ ၃၁
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် ပြန်လည်သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏပတ္တမြားခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အုပ်ချုပ်သူနည်းပြများ တက်ရောက်ကြသည်။
ဦးစွာ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ရွှေ ၊ ငွေ ၊ ကြေး ဆုတံဆိပ်များ ရယူပေးခဲ့သည့် ခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ဘိလိယက်/စနူကာ၊ လှေလှော်၊ ရွက်လှေ၊ Kick-boxing၊ မွေ၊ ဂျူဒို၊ မြင်းစီး၊ စစ်တုရင်၊ Tag of War ၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ လက်ဝှေ့ ၊ အလေးမ၊ နပန်း၊ Taqball ၊ ပြေးခုန်ပစ်၊ ကရာတေး၊ ပီတန်းအားကစား အဖွဲ့များနှင့် ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် Kabaddi၊ ဘော်လီဘော၊ ဘိုးလင်း၊ ကျွမ်းဘား၊ Squash၊ ခရစ်ကက်၊ စားပွဲတင်တင်းနစ်၊ ဂျူဂျစ်ဆု၊ သေနတ်ပစ်၊ မြားပစ်၊ ဘောလုံး၊ ဖူဆယ်/သဲ သောင်ပြင်၊ ဟော်ကီ၊ ကြက်တောင်၊ E-Sports၊ စက်ဘီး၊ ရေကူး၊ ပန်ကြပ်ဆီလပ်၊ ဘတ်စကက်ဘော၊ ဂေါက်သီး အားကစား အဖွဲ့ချုပ်များနှင့် ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံတွင်ကျင်းပခဲ့သော (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၃၈ နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ် ၂၁ ခု၊ ကြေးတံဆိပ် ၄၈ ခု စုစုပေါင်း ၇၂ ခု ရရှိခဲ့ပြီး နိုင်ငံအလိုက်အဆင့်တွင် အဆင့်ခုနစ်ရရှိခဲ့သည့်အတွက် နိုင်ငံအလိုက်အဆင့်ရပ်တည်မှုကို ဆက်လက်ထိန်းနိုင်ခဲ့ပါကြောင်း၊ အားကစားနည်းများအလိုက် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် နောက်ကျမကျန်ခဲ့စေဘဲ အမြော်အမြင်များစွာဖြင့် သုံးသပ်ယှဉ်ပြိုင်ကစားကြပြီး အောင်မြင်မှုဆုတံဆိပ်များရရှိအောင် ဆက်လက်ကြိုးစားကြစေလိုကြောင်း။
ယခု ကျင်းပပြုလုပ်ခဲ့သည့် (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ သွားရောက်မယှဉ်ပြိုင်ခင်တွင် ငလျင်ကြောင့် ရန်ကုန်မြို့အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျိုက္ကဆံအားကစားကွင်းသို့ ပြောင်းရွှေ့လေ့ကျင့်ခဲ့ရသည့်အတွက် Train-ing အချိန်လျော့နည်းခြင်း၊ ခန္ဓာကိုယ်တည်ဆောက်မှု၊ ကြွက်သားသန်မာမှုအားနည်းခြင်း၊ လေ့ကျင့်မှုမပြည့်ဝဘဲ သွားရောက်ယှဉ်ပြိုင်ခဲ့ရမှုများကြောင့် မျှော်မှန်းထားသည့် ဆုတံဆိပ်များမရရှိခဲ့ခြင်းဖြစ်ကြောင်း၊ လာမည့် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ယခုပြိုင်ပွဲတွင် ကြုံတွေ့ခဲ့ရသော အားနည်းချက်များကို ပြန်လည်သုံးသပ်၍ ပြင်ဆင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများ၏ အမည်စာရင်းများကို အဖွဲ့ချုပ်များမှတစ်ဆင့် ဝန်ကြီးဌာနသို့ တင်ပြသွားစေလိုကြောင်း၊ အားကစားနည်းများအလိုက် စံချိန်၊ စံညွှန်း၊ စံနှုန်းများနှင့် အဓိက လိုအပ်ချက်များအား တင်ပြဆွေးနွေးပေးသွားစေလိုကြောင်း၊ နိုင်ငံတော်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို လာမည့် ဖေဖော်ဝါရီလတွင် ကျင်းပသွားမည်ဖြစ်ပြီး အုပ်ချုပ်/ နည်းပြ၊ အားကစားသမားများ အဆင်သင့် ရှိနေစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး က ၂၀၂၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်မှ ၂၉ ရက်အထိ မလေးရှား နိုင်ငံတွင် ကျင်းပမည့် (၃၄) ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းများ၊ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင် ပြီး အောင်မြင်မှုဆုတံဆိပ်ရရှိနိုင် မည့် အားကစားနည်းများ၊ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှု မရရှိနိုင်သည့် အားကစားနည်းများ၊ ကျင်းပ ပြုလုပ်မည့် မြို့လေးမြို့၊ ထည့်သွင်းကျင်းပမည့် အားကစားနည်း ၃၈ နည်း၊ ဖွင့်ပွဲ/ပိတ်ပွဲကျင်းပမည့် အားကစားကွင်းများ၊ ၂၀၂၆-၂၀၂၇ ခုနှစ်တွင်ကျင်းပမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ ပုသိမ်၊ တောင်ကြီး၊ ဘားအံဇုန်များ၌ ကျင်းပပြုလုပ်ရန် ပြက္ခဒိန် (မူကြမ်း) ရေးဆွဲတင်ပြထားမှုကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများက နောင်လာမည့် ပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များရရှိအောင် ပူးပေါင်းဆောင်ရွက် သွားမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
