မျက်မှောက်ကာလတွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ စည်းလုံးညီညွတ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုမလိုလားသည့် ပြည်တွင်း၊ ပြည်ပအဖျက်အမှောင့်အုပ်စုများက နည်းလမ်းပေါင်းစုံအသုံးပြု၍ အမျိုးမျိုးနှောင့်ယှက်နေကြသည်ကို တွေ့ရမည်။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဖြစ်၍ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံး “ရေကိုသား၍အကြားမထင်”ဆိုသကဲ့သို့ စည်းလုံးညီညွတ်မှုဖြင့် မိမိနိုင်ငံအရေးကို ရှေးရှုဆောင်ရွက်ကြမှသာ ရေရှည်တည်တံ့ပြီး တောင့်တင်းခိုင်မာသော နိုင်ငံအဖြစ်ရပ်တည်နိုင်မည်ဖြစ်သည်။
မိမိနိုင်ငံအကျိုးစီးပွားသည် မိမိနိုင်ငံအတွင်းမှာသာရှိသည်။ မိမိနိုင်ငံအကျိုးစီးပွားကို မိမိတို့နိုင်ငံသားများကသာ ဖန်တီးဖော်ဆောင်နိုင်သည်။ တိုင်းတစ်ပါးဆိုသည်မှာ မိတ်ကောင်းဆွေကောင်းနိုင်ငံများမှအပ ၎င်းတို့နိုင်ငံ၏အကျိုးစီးပွားကိုသာဦးတည်ပြီး ဆက်ဆံဆောင်ရွက်လေ့ရှိသည်။ ထို့ကြောင့် ပြည်တွင်းအင်အားသည် အဓိကကျပြီး မိမိနိုင်ငံ၏ ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဖော်ဆောင်ကြရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် လွတ်လပ်ရေးအဓွန့်ရှည်ကြာတည်တံ့ခိုင်မြဲစေရန် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံး “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး” ကို အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းခံကာ အစဉ်တစိုက် ထိန်းသိမ်းစောင့်ရှောက် သွားရမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် “မြန်မာနိုင်ငံကို သူ့ကျွန်ဘဝမှလွတ်မြောက်စေကာ တိုင်းတစ်ပါး၏ လွှမ်းမိုးချုပ်ကိုင်မှုကင်းရှင်းပြီး နိုင်ငံ၏အရေးကိစ္စအဝဝကို ကိုယ်ပိုင်ဆုံးဖြတ်ဆောင်ရွက်နိုင်သည့် လွတ်လပ်ပြီးအချုပ်အခြာအာဏာ ပိုင်စိုးသောနိုင်ငံအဖြစ်သို့ ပြန်လည်ရောက်ရှိရန် နှစ်ပေါင်းတစ်ရာကျော် ခက်ခဲကြမ်းတမ်းစွာတိုက်ပွဲဝင်ခဲ့ကြရပါသည်။ ကာလကြာရှည်စွာ ကြိုးစားရယူခဲ့ရသည့် လွတ်လပ်ရေးသည် လွဲမှားသည့်အတွေးအခေါ်၊ အယူအဆနှင့် လုပ်ဆောင်ချက်များကြောင့် တစ်ခဏအတွင်း လက်လွှတ်ဆုံးရှုံးရနိုင်သည်ကို ယခုအချိန်ကာလမျိုးတွင် သတိမူရမည်ဖြစ်ပါသည်”ဟု ဖော်ပြထားသည်။
နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုကြောင့် ဖြစ်ပေါ်လာခဲ့သော သွေးကွဲမှုကို စည်းလုံးညီညွတ်မှုဖြင့် ယနေ့ထက်တိုင်တည်ဆောက်နေရသည်။ သွေးကွဲမှုကြောင့် ပေါ်ပေါက်လာခဲ့သော လက်နက်ကိုင်လမ်းစဉ်ချုပ်ငြိမ်းစေရန် ခေတ်အဆက်ဆက်အစိုးရများက နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ လူမျိုးစွဲ၊ ဝါဒစွဲ၊ အတ္တစွဲနှင့် ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်မှုတို့ဖြင့် နိုင်ငံတော်တွင် လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံပိုင်အခြေခံအဆောက်အအုံများနှင့် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများကြုံတွေ့ခဲ့ရသည်။ လက်နက်ကိုင်လမ်းစဉ်ဖြင့် မဖြစ်သင့်မဖြစ်ထိုက်သည်များကို တောင်းဆိုခြင်း၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာဖြင့် မိမိတို့၏ဆန္ဒကိုသာ ရှေ့တန်းတင် ဦးစားပေးဖန်တီးဆောင်ရွက်မှုများသည် မိမိတို့၏ဒေသခံပြည်သူလူထုကိုသာ ဆင်းရဲတွင်းနက်စေသည်။
လက်ရှိဖြစ်ပေါ်နေသော သဘောထားကွဲလွဲမှုများနှင့် နိုင်ငံရေးပြဿနာများသည် ပြည်ထောင်စုကြီးအဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ကို ထိခိုက်စေနိုင်သည်ကို သတိချပ်ကြရမည်ဖြစ်သည်။ ယနေ့အချိန်အခါတွင် နိုင်ငံ၏ပကတိလိုအပ်ချက်သည် လက်နက်ကိုင်လမ်းစဉ်ချုပ်ငြိမ်းပြီး နိုင်ငံတစ်ဝန်းလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးပင်ဖြစ်သည်။ ငြိမ်းချမ်းရေးသည် ပဋိပက္ခများမရှိခြင်းဟူသော သဘောတရားထက် ပိုမိုလေးနက်မှုရှိပြီး ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းတတ်ခြင်း၊ မတူကွဲပြားမှုများကို လေးစားတတ်ခြင်း၊ တစ်ဦးအပေါ်တစ်ဦး နားလည်သည်းခံခွင့်လွှတ်တတ်ခြင်းနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ခြင်းစသည်တို့အပေါ်တွင် အခြေခံသည်။ ငြိမ်းချမ်းရေးသဘောတရားနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးတန်ဖိုးတို့ကို အမှန်တကယ်လက်ခံကျင့်သုံးမှသာ ငြိမ်းချမ်းရေးနှင့် အေးချမ်းသာယာရေးအသီးအပွင့်များကို အပြည့်အဝခံစားနိုင်မည်။
လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများသည် ဖွံ့ဖြိုးမှုအားနည်းသော တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်သာ အများဆုံးဖြစ်ပေါ်နေသည်ကို တွေ့ရမည်။ တည်ငြိမ်အေးချမ်းမှုမရှိလျှင် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်မဟုတ်ပေ။ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရှိမှသာ တိုင်းပြည်သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍပေါင်းစုံသာမက တစ်တိုင်းပြည်လုံး ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနောက်ကျသည့်အပြင် တိုင်းတစ်ပါးမှ အထင်အမြင်သေးပြီး ဝင်ရောက်စွက်ဖက်နှောင့်ယှက်မှု၊ အချုပ်အခြာအာဏာပိုင်နက်နယ်မြေ ထိပါးနှောင့်ယှက်မှုအထိ ဖြစ်လာနိုင်သည်။ သို့ဖြစ်ရာ ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသဖြင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်စိတ်တစ်ဝမ်းတည်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
