Skip to main content

လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပရေးဦးစီးကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၅

လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပရေး ဦးစီးကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပသည်။

အစည်းအဝေးသို့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးရာဝန်ကြီးများက Video Conferencing ဖြင့် ပါဝင်တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ငြိမ်းချမ်းရေးတွင် လူငယ်ကဏ္ဍသည် အရေးကြီးသည်ကို ယခုကျင်းပမည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်ဖြင့် ပုံဖော်မည်ဖြစ်ကြောင်း၊ နိုင်ငံတည်ဆောက်ရေးတွင် အရည်အသွေးမြင့်မားသည့် လူငယ်များရရှိစေရန် ယခုကျင်းပမည့် ဖိုရမ်မှ ဖော်ထုတ်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍအား ဆက်နွှယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းမှသာ လူငယ်များ၏ အနာဂတ်ကောင်းမွန်မည်ဖြစ်ပြီး လူငယ်များအား ပြုစုပျိုးထောင်ပေးမှသာ ငြိမ်းချမ်းသည့် ပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ သဟဇာတဖြစ်သည့် ပတ်ဝန်းကျင်တစ်ခုဖြစ်အောင်၊ လူငယ်များအား ကိုယ်ကျင့်တရားကောင်းမွန်သည့် လူငယ်များဖြစ်အောင် ဆွေးနွေးဖော်ထုတ်မည်ဖြစ်ကြောင်း၊ ယခုဖိုရမ်မှတစ်ဆင့် တီထွင်ဖန်တီးနိုင်စွမ်းရှိသော လူငယ်များကို ဖော်ထုတ်နိုင်ရန်၊ အနာဂတ်နိုင်ငံ​တော်အတွက် စွမ်းရည်မြင့်မားသည့် လူငယ်များ​ပေါ်ထွက်လာစေရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဦးစီးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ယနေ့အစည်းအဝေးတွင် သက်ဆိုင်ရာကော်မတီအလိုက် အဆုံးအဖြတ်ပေးရမည့် အချက်များအား အတည်ပြုချက်ရယူမည်ဖြစ်ကြောင်း၊ ကျင်းပမည့် ဖိုရမ်သည် ယခင်ငြိမ်းချမ်းရေးဖိုရမ်များနှင့်မတူဘဲ လူငယ်များအနေဖြင့် သီးသန့်ဆောင်ရွက်သည့် ဆွေးနွေးမှုအခင်းအကျင်းဖြစ်ကြောင်း၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ်သည် အနာဂတ်အတွက် အရေးပါသည့် လူငယ်များ၏ အခန်းကဏ္ဍအား ရည်ရွယ်၍ ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပရေး လုပ်ငန်းကိစ္စရပ်များ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေ၊ ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးရာဝန်ကြီးများက လုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

ဆက်လက်၍ ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယခုလူငယ်ငြိမ်းချမ်းရေးဖိုရမ်သည် နိုင်ငံအတွက် အနှစ်သာရရှိသည့် ဖိုရမ်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်က လူငယ်များကို အလေးထားကြောင်း၊ လုံခြုံပျော်ရွှင်တည်ငြိမ်သည့် အသိုက်အဝန်းရရှိနိုင်မည့် သတင်းစကားကို ယခုဖိုရမ်တွင် လူငယ်များကို ပေးရမည်ဖြစ်ကြောင်း၊ လူငယ်နှင့်အစိုးရ၊ ပြည်သူနှင့် အစိုးရယုံကြည်မှုတည်ဆောက်ရမည်ဖြစ်ကြောင်း၊ ယခုလူငယ်ငြိမ်းချမ်းရေးဖိုရမ်တွင် လူငယ်များသည် နိုင်ငံတည်ဆောက်ရေးအတွက် အရေးပါသည်ဆိုသည့် သတင်းစကားကို ပေးနိုင်ရမည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးသည်။

ယင်းနောက် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

ဖိုရမ်သည် နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍပါဝင်မှုကို အလေးပေးဆောင်ရွက်ခြင်းဖြစ်ပြီး လူငယ်များ၏ စိတ်ဓာတ်နှင့် စွမ်းအားများကို အကောင်းဆုံးသော ပုံစံများဖြင့် နိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်များအတွင်း ပေါင်းစပ်ထည့်သွင်းနိုင်မည်ဖြစ်သည်။

ဖိုရမ်မှတစ်ဆင့် လူငယ်များ၏အသံကို ရှင်းလင်းပြတ်သားစွာ နားလည်သဘောပေါက်ရန်အတွက် ပဋိပက္ခကို ဖြစ်ပေါ်စေသည့် အချက်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သက်ရောက်မှုများ၊ လူငယ်များ၏ လုံခြုံရေးနှင့် အကာအကွယ်၊ ကျား/မ ကဏ္ဍအလိုက် မတူညီသော ထိလွယ်ရှလွယ်သည့် အခြေအနေ၊ အားနည်းချက်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံသားများ ပူးပေါင်းပါဝင်နိုင်မှုအတွက် စိန်ခေါ်မှုများနှင့် ကျော်လွှားနိုင်မည့် နည်းလမ်းများ၊ စီးပွားရေးစိန်ခေါ်မှုများနှင့် အလုပ်အကိုင်အခွင့်အလမ်းကိစ္စရပ်များ၊ ပညာဆက်လက်သင်ယူနိုင်ရေးနှင့် ပညာရေးအတွက်ကွာဟချက်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ ဉာဏ်ရည်တုနည်းပညာ (AI)၊ ဆိုက်ဘာ (Cyber)၊ လူမှုကွန်ရက် (Social Media) များတွင် လူငယ်များ ပါဝင်ဦးဆောင်နိုင်သော အခြေအနေနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးတို့အတွက် လူငယ်များ၏ သဘောထားဆန္ဒအသံများကို လေ့လာဖော်ထုတ်၍ ဆက်လက်ဆောင်ရွက်မည့် လူငယ်လုပ်ငန်းစဉ် အစီအစဉ်များကို ရယူဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်