နေပြည်တော် ဇန်နဝါရီ ၃၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ပဉ္စမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်၍ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားကာ ဆုရရှိကြသည့် ဦးစီးဌာနအသင်းများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် တလုပ်ပင်ကျေးရွာရှိ ဒို့မြန်မာသမဝါယမအသင်းနှင့် ကြံတိုင်းအောင် သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စပ်မျိုးနွားကောင်ရေ ၄၇၂ ကောင် မွေးမြူထားရှိမှုကို သွားရောက်ကြည့်ရှုပြီး နွားစာအတွက် ဖြည့်စွက်စာများဖြစ်သည့် ပြောင်း၊ ဟင်းနုနယ်နှင့် နေဗီယာမြက်များ တိုးချဲ့စိုက်ပျိုးရန် ဆွေးနွေးမှာကြားကာ နေဗီယာမြက်စိုက်ပျိုးထားရှိမှု၊ ဝန်ထမ်းအဆောင်နှင့် ရုံးခန်းများ တည်ဆောက်ထားရှိမှုကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် လယ်ဝေးမြို့နယ် မြွေရိုးကျောင်းစုကျေးရွာအုပ်စု ရုံးတောကျေးရွာသို့ရောက်ရှိပြီး ရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းနှင့် မျိုးဇမ္ဗူကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်မည့် ဥစားကြက်မွေးမြူရေးလုပ်ငန်းကြက်ခြံတည်ဆောက်ရန် မြေနေရာရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းနှင့် ခေတ်ရှေ့ဆောင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာအရောင်းပြခန်းနှင့် လယ်ယာသုံးစက်ပစ္စည်းအသစ် တပ်ဆင်/ အဟောင်းပြုပြင်ခြင်း အလုပ်ရုံတည်ဆောက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
