နေပြည်တော် ဇန်နဝါရီ ၃၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်တို့နှင့်အတူ တောင်ကြီးမြို့၌ Polytechnic University ဖွင့်လှစ်နိုင်ရေးအတွက် Polytechnic University တွင် ထည့်သွင်းတည်ဆောက်မည့် စာသင်ဆောင်များ၊ အလုပ်ရုံများ၊ Lab ခန်းများ၊ ကျောင်းသား၊ ကျောင်းသူအဆောင်၊ ဘောလုံးကွင်း၊ ဒုတိယပါမောက္ခချုပ်အိမ်ရာ၊ အရာရှိအိမ်ရာ၊ Recreation Centre များနှင့် ဆရာ၊ ဆရာမအိမ်ရာများ ဆောက်လုပ်မည့်မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိ သူများနှင့်အတူ နည်းပညာတက္ကသိုလ် (တောင်ကြီး) ရှိ ဝန်ထမ်းအိမ်ရာ၊ ကျောင်းသား၊ ကျောင်းသူအဆောင်များ၊ ပင်မဆောင်၊ စာသင်ဆောင်များ၊ ကွန်ပျူတာခန်း၊ အလုပ်ရုံများ၊ ဘောလုံးကွင်းတို့ကို ကြည့်ရှုစစ်ဆေးကာ ဒေသအကျိုးပြုသုတေသနများ ဆောင်ရွက်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဆောင်ရွက်နေရသော တက္ကသိုလ်များဖြစ်ကြရာ နိုင်ငံတော်၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်ပါကြောင်း၊ အမှန်တကယ်ကျွမ်းကျင်တတ်မြောက်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိသော အသိပညာ၊ အတတ်ပညာရှင်များ ဖြစ်လာစေရေးနှင့် ဒေသအကျိုးပြုသုတေသနများအဖြစ် စဉ်ဆက်မပြတ် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သင်ကြားသင်ယူမှုပတ်ဝန်းကျင်ကောင်းများ ဖြစ်နေစေရန် အစဉ်ကြိုးပမ်းဆောင်ရွက်စေလိုပါကြောင်း၊ သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးအား ဂရုတစိုက်ဆောင်ရွက်ပေးစေလိုကြောင်း နည်းပညာတက္ကသိုလ် (တောင်ကြီး) ရှိ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
