Skip to main content

ဩဝါဒပါတိမောက်အခါတော်နေ့ လိုက်နာရမည့်ဘဝလမ်းပြမြတ်ဓမ္မ

‘ပါတိမောက်’ ဆိုသည်မှာ ပါတိမောက္ခဆိုသည့် ပါဠိစကားမှ ပြောင်းလဲလာသည့် ဝေါဟာရဖြစ်သည်။ ပါတိနှင့် မောက္ခပေါင်းစပ်ထားခြင်းဖြစ်သည်။ ‘ပါတိ’ ဆိုသည်မှာ စောင့်ရှောက်သည့်တရားဖြစ်သည်။ ကျမ်းစာအလိုအရ ‘ပါတိရက္ခတီတိပါတိ’ ဟု ဆိုသည်။ အကုသိုလ်ကိုရှောင်ကြဉ်၍ တရားအဆုံးအမနှင့်အညီ စောင့်ထိန်းနေထိုင်ပါလျှင် ထိုသို့စောင့်ထိန်းအပ်သောတရားတို့က စောင့်ထိန်းသူကို အပါယ်ဘုံသို့ မကျရောက်အောင် စောင့်ရှောက်သည်ဟု အကျဉ်းချုပ်ဆိုနိုင်သည်။

‘မောက္ခ’ ဆိုသည်မှာ သံသရာမှ လွတ်မြောက်ခြင်းဟုဆိုသည်။ ကျမ်းစာအလိုအရ ‘မောက္ခတိ မောစေတီတိ မောက္ခံ’ ဟုဆိုသည်။ ကုသိုလ်တရားများကို ပြည့်စုံစွာဆောင်ကြဉ်းထားလျှင် ထိုသို့ဆောင်ကြဉ်းထားအပ်သော ကုသိုလ်တရားတို့က ဆောင်ကြဉ်းထားသူကို သံသရာဒုက္ခဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် ဆောင်ကြဉ်းပေးခြင်းဟု အကျဉ်းချုပ်ဆိုနိုင်သည်။ တရားကိုဆောက်တည်လျှင် တရားကပြန်လည်စောင့်ရှောက်ခြင်း အညမညတရားသဘောဖြစ်သည်။ ‘ဩဝါဒ’ ဆိုသည်မှာ လိုက်နာကျင့်သုံးသူတို့အား အပါယ်ဘေးမှကင်းဝေးစေသော အဆုံးအမစကားများကို ခေါ်ဆိုပါသည်။ ဆုံးမစကားဖြစ်၍ မဖြစ်မနေလိုက်နာရမည့် အဓိပ္ပာယ် မဆောင်ချေ။ ကောင်းကျိုးလိုလားသူများ အသိဉာဏ်နှင့်ယှဉ်၍ ကိုယ်ပိုင်အသိဖြင့် လိုက်နာခြင်းဖြစ်သည်။

ဗုဒ္ဓမြတ်စွာ ပေါ်ထွန်းစဉ်ကာလ ဝိနည်းသိက္ခာပုဒ်တော်များ မရှိသေးမီ၌ ဘုရားရှင်က ရဟန်းတော်များလိုက်နာစောင့်ထိန်းရန် ဩဝါဒပါတိမောက်ကို ပြတော်မူသည်။ ပါတိမောက်ပြသည်ဆိုသည်မှာ ပါတိမောက်ဒေသနာတော်ကို ဟောကြားခြင်းပင်ဖြစ်သည်။ ပါတိမောက်ဒေသနာတော်ကို ဟောကြားတော်မူရာ၌ ဘုရားရှင်တို့၏ထူးခြားချက်မှာ ပွင့်တော်မူပြီးသော ဘုရားရှင်တိုင်း ပါတိမောက်ကိုပြခြင်း၊ ဘုရားရှင်သက်တမ်းအတွင်း တစ်ကြိမ်သာပြတော်မူခြင်း၊ တပို့တွဲလပြည့်နေ့တွင် ပြခြင်းဖြစ်သည်။ ဩဝါဒပါတိမောက် နာယူကြသည့် ရဟန်းတော်များသည် ဧဟိဘိက္ခုရဟန်းများသာဖြစ်ခြင်း၊ ပဋိသမ္ဘိဒါပတ္တရဟန္တာများဖြစ်ခြင်း၊ မည်သူမျှ မပင့်မဖိတ်ဘဲ အလိုလိုစုဝေးလာခြင်းဟူသည့် အင်္ဂါသုံးပါးနှင့် ပြည့်စုံသဖြင့် အလွန် မွန်မြတ်သည့်တရားပွဲဖြစ်သည်။

မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့တွင် ဘုရားအဖြစ်သို့ရောက်တော်မူသည်။ မိဂဒါဝုန်တောတွင် ပထမဝါဆိုတော်မူသည်။ ဝါကျွတ်ပြီးနောက် ရာဇဂြိုဟ်ပြည်သို့ ကြွရောက်တော်မူသည်။ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ စံနေတော်မူစဉ် မဟာသက္ကရာဇ် ၁၀၃ ခု တပို့တွဲလပြည့် နေ့နှင့်ကြုံကြိုက်သည်။ ဩဝါဒပါတိမောက်နာယူရန် အင်္ဂါသုံးရပ်နှင့်ပြည့်စုံသော ကဿပညီနောင် ရဟန္တာတစ်ထောင်၊ အဂ္ဂသာဝကများဖြစ်သည့် အရှင်သာရိပုတ္တရာ နှင့် အရှင်မောဂ္ဂလာန်တို့ ဦးဆောင်သော ရဟန္တာ ၂၅၀ စုစုပေါင်း ရဟန္တာအပါး ၁၂၅၀ တို့သည် ဘုရားရှင်ရှေ့မှောက်၌ အလိုအလျောက် စုဝေးလာကြသည်။ ထိုအခါ မြတ်စွာဘုရားရှင်က ဩဝါဒပါတိမောက်ပြတော်မူပြီး အရှင်သာရိပုတ္တရာကို ပညာဧတဒဂ်၊ အရှင်မောဂ္ဂလာန်ကို တန်ခိုးဣဒ္ဓိပါဒ်ကြီးခြင်း ဧတဒဂ် ချီးမြှင့်တော်မူခဲ့သည်။

ပါတိမောက်ကို ထပ်မံခွဲခြားသော် ဩဝါဒပါတိမောက်နှင့် အာဏာပါတိမောက်ဟူ၍ နှစ်မျိုးရသည်။ ဩဝါဒပါတိမောက်ကို မြတ်စွာဘုရားရှင်ကိုယ်တိုင် ပြသဩဝါဒပေးခွင့်ရှိသည်။ သက်တော်ရှည်ဘုရားရှင်တို့သည် ဩဝါဒပါတိမောက်ကို ခုနစ်နှစ်တစ်ကြိမ်၊ ခြောက်နှစ်တစ်ကြိမ် ပရိနိဗ္ဗာန်စံတော်မူသည်အထိ ဟောကြားသည်။ ဂေါတမမြတ်စွာဘုရားကဲ့သို့ သက်တမ်းတိုသောဘုရားတို့သည် ဝါတော်နှစ်ဆယ်အတွင်း တစ်ကြိမ်သာဟောတော်မူသည်။ ဝါတော်နှစ်ဆယ်နောက်ပိုင်းရောက်သောအခါ ဩဝါဒပေးရုံ၊ ဆုံးမစကားမိန့်တော်မူရုံဖြင့် လိမ္မာစွာလိုက်နာ ကျင့်ကြံသူ နည်းပါးလာသည်။ အများစုမှာ လောဘ၊ ဒေါသ၊ မောဟစရိုက်များ ထူပြောလာသဖြင့် ဆုံးမစကားပြောရုံဖြင့်မရနိုင်ဘဲ အာဏာပါတိမောက်(မဖြစ်မနေ လိုက်နာရမည့်သိက္ခာပုဒ်)ကို ဟောကြားတော်မူခဲ့သည်။

ဩဝါဒပါတိမောက် သုံးဂါထာသည် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို ဟောကြားသည့် ပိဋကတ်အနှစ်ချုပ်တရားဖြစ်သည်။ ဩဝါဒပါတိမောက် အဆုံးအမ အတိုင်း လိုက်နာကျင့်ကြံပါက ကာယကံ၊ ဝစီကံ၊ မနောကံများ စင်ကြယ်ကာ သီလ၊ သမာဓိ၊ ပညာများ ရင့်ကျက်မြင့်တက်လာပြီး နောက်ဆုံးပန်းတိုင်ဖြစ်သည့် မြတ်နိဗ္ဗာန်သို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း မြတ်စွာဘုရားရှင်က ဟောကြားတော်မူသည်။ ဩဝါဒပါတိမောက် သုံးဂါထာသည် ရဟန်းတော်များကို အဓိကထား၍ ဟောကြား တော်မူခဲ့သည်မှာ မှန်သော်လည်း ဗုဒ္ဓဘာသာဝင်တိုင်း၊ လူပုဂ္ဂိုလ်တိုင်း လိုက်နာအပ် သည့် ဘဝလမ်းပြ မြတ်ဓမ္မဖြစ်ပါကြောင်း။ ။