Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန် ဇန်နဝါရီ ၃၁

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၌ ကျင်းပသည်။

အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည့် အရင်းအမြစ်အလိုက် တပ်ဆင်အင်အားများမှာ ရေအားလျှပ်စစ် စက်ရုံ ၃၂ ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၄ ရုံ၊ ကျောက်မီးသွေးသုံး စက်ရုံ နှစ်ရုံ၊ နေရောင်ခြည်သုံး စွမ်းအင်စက်ရုံ ၁၂ ရုံ စုစုပေါင်း တပ်ဆင်စက်အင်အားမှာ ၆၇၂၅ မဂ္ဂါဝပ်အထိ ရှိကြောင်း။

စက်စွမ်းအားပြည့် မောင်းနှင်နိုင်ပါက ၄၀၀၀ မဂ္ဂါဝပ်ခန့်အထိ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်သည့် အခြေအနေဖြစ်သော်လည်း အကြမ်းဖက်သောင်းကျန်းသူများ၏ ဖျက်ဆီးမှုများနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှု တဖြည်းဖြည်းလျော့နည်းခဲ့ခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အား ၆၀၀ မဂ္ဂါဝပ်ကျော်မှာ လျော့နည်းထုတ်လုပ်ရရှိသဖြင့် တစ်ရက်လျှင် ၃၀၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ခဲ့ပြီး အချို့နေရာများတွင် အချိန်ပိုင်း အလှည့်ကျစနစ်ဖြင့်သာ ဖြန့်ဖြူးပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းအခက်အခဲများကို ကျော်လွှားနိုင်ရန် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းပေါင်းစုံဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင် ရွက်ခဲ့ရာ ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်းများ နှင့်ခွဲရုံများကို အချိန်နှင့်တစ်ပြေးညီပြုပြင်ခြင်း ဆောင်ရွက်လျက်ရှိသကဲ့သို့ LNG မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းသည် ဈေးနှုန်းကြီးမြင့်သော်လည်း လိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေး စက်မှုဇုန်များမှ အချိန်ပြည့်ထုတ်လုပ် နိုင်ရန်ရည်ရွယ်၍ အချိန်တိုအတွင်းရရှိမည့် LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၅၀၀ မဂ္ဂါဝပ် LNG ဓာတ်အားပေး စက်ရုံစီမံကိန်းကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှစ၍ ယင်းစက်ရုံ မှ ဓာတ်အား ၅၀၀ မဂ္ဂါဝပ်ကို စတင်ဖြည့်တင်းပေးနိုင်ခဲ့ကြောင်း။

ထို့ကြောင့် ယခုအခါ တစ်ရက်လျှင် စုစုပေါင်း ၃၄၀၀ မဂ္ဂါဝပ် (၆၀၀၀၀ မဂ္ဂါဝပ်နာရီ)အထိ ထုတ်လုပ် ရရှိနေပြီဖြစ်ရာ ဝန်အားမျှဝေ၍ အလှည့်ကျစနစ်ဖြင့်ပေးခြင်းကို ရပ်ဆိုင်းကာ တတ်နိုင်သမျှ အချိန်ပြည့် ဓာတ်အားဖြန့်ဖြူးခြင်းကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ မိမိတို့နိုင်ငံတွင် ယနေ့အထိ ဓာတ်အားရရှိမှုအနေဖြင့် ၇၀ ဒသမ ၄၃ ရာခိုင်နှုန်းရှိပြီး မီးသုံးသူ ၆၉ သိန်းခန့်ရှိကြောင်း၊ အိမ်သုံးနှုန်းဖြင့် သုံးစွဲ နေသော ၁ ယူနစ်မှ ၅၀ ယူနစ်အထိ သုံးစွဲသူ ၄၂ ရာခိုင်နှုန်းနှင့် ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ သုံးစွဲ သူ ၁၉ ရာခိုင်နှုန်းရှိသဖြင့် အိမ်သုံးနှုန်းထားဖြင့် သုံးစွဲနေသော ရာခိုင်နှုန်းမှာ ၆၁ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် အခြေခံကျသော ပြည်သူများ သုံးစွဲနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားခကို ထုတ်လုပ်မှုစရိတ်ထက်နည်းပါးသည့် နှုန်းထားများဖြင့် နိုင်ငံတော်မှ နှစ်စဉ် စိုက်ထုတ်ကျခံ (Subsidize)ပြီး ဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံတော် အနေဖြင့် နှစ်စဉ် စိုက်ထုတ်သုံးစွဲနေရသော်လည်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဓာတ်အားစဉ်ဆက်မပြတ်ရရှိရေး စသည့်ရည်မှန်းချက်များအရ LNG ဖြင့် ထုတ်လုပ်ခြင်းမှာ ကုန်ကျ စရိတ်မြင့်မားသော်လည်း စက်မှုကဏ္ဍကုန်ထုတ်လုပ် မှုများ အရှိန်အဟုန် မပြတ်စေရန် ရည်ရွယ်၍ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် “LNG to Industry” ကို အထူးအလေးပေး ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့စက်မှုနှင့် စီးပွားရေးလုပ်ငန်းများအတွက် “အချိန်ပြည့် ဓာတ်အားရရှိမှု” သည် စက်ရုံများ စဉ်ဆက်မပြတ်လည်ပတ်နိုင်ခြင်း၊ ကုန်ထုတ်စွမ်းအား တိုးတက်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာခြင်းနှင့် အခြားကုန်ကျစရိတ် မြင့်မားသည့် စွမ်းအင်အရင်းအမြစ်များအပေါ် မှီခိုရမှုကို လျှော့ချနိုင်ခြင်းစသည့် လက်တွေ့ကျသော အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း၊ ထို့အတွက် ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်မှုအခြေအနေကို ဆက်လက်ထိန်းသိမ်းရန်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကုန်ကျစရိတ် မျှတစေရန်အတွက် စက်မှုနှင့် စီးပွားရေးလုပ်ငန်းများသို့ “စီးပွားရေးနှုန်းထား (Economic Rate)” တစ်ခုသတ်မှတ်၍ ဆောင်ရွက်သွားရန်ရှိကြောင်းနှင့် လုပ်ငန်းရှင်များအတွက် ခိုင်မာသောစွမ်းအင်အာမခံချက်ရှိသည့် ကုန်ထုတ်လုပ်မှုဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးခြင်းဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းများ အောင်မြင်စွာတိုးချဲ့ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူလူထုသုံးစွဲနေသော ဓာတ်အားခနှုန်းထားများအနေဖြင့် ယခင်နှုန်းထားအတိုင်း ပြောင်းလဲမှုမရှိကြောင်း၊ ယခင်စက်မှုလုပ်ငန်းများတွင် သုံးစွဲခဲ့သည့် ဓာတ်အားများကို ပြည်သူလူထုမှ ပိုမိုသုံးစွဲနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စက်မှုလုပ်ငန်းရှင်များမှ အားလုံးလက်တွဲ၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူးက LNG မှ ဓာတ်အားထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့မှုနှင့် လက်ရှိဓာတ်အားထုတ်လုပ်နေမှု အခြေအနေများ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်၊ စက်မှုလက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများသို့ ဓာတ်အားဖြန့်ဖြူးပေးမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများက စက်မှုနှင့်စီးပွားရေးလုပ်ငန်းများသို့ သတ်မှတ် နှုန်းထားအသစ်ဖြင့် ဓာတ်အားခကောက်ခံဆောင်ရွက်မည့်အခြေအနေ၊ လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် လျှပ်စစ်ကဏ္ဍဆိုင်ရာလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်