နေပြည်တော် ဇန်နဝါရီ ၃၁
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မန္တလေး - ပြင်ဦးလွင် - လားရှိုးလမ်း (မန္တလေး - နောင်ချိုလမ်းပိုင်း) တစ်လျှောက်ရှိ လမ်း၊ တံတား ပြုပြင်ထိန်းသိမ်းထားရှိမှုနှင့် ဂုတ်တွင်းတံတားနေရာတွင် သုံးလွှာတစ်ထပ် C 200 (Extra Wide)ဘေလီ တံတားတစ်စင်းအသစ် ထပ်မံပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို သွားရောက်စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြင်ဦးလွင် - နောင်ချိုလမ်းပိုင်းရှိ ဂုတ်တွင်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ခံအင်ဂျင်နီယာက အကြမ်းဖက်သမားများကြောင့် တံတားပျက်စီးခဲ့ရသည့်အခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေး ယာယီဘေလီ တံတားထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အခြေအနေနှင့် အခိုင်အမာတံတားတည်ဆောက် မည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မန္တလေး - ပြင်ဦးလွင် - လားရှိုးလမ်းသည် ကုန်စည်စီးဆင်းမှုတွင် အဓိကအရေးပါသည့် လမ်းတစ်လမ်းဖြစ်ကြောင်း၊ ဂုတ်တွင်းတံတားသည် ၂၀၂၅ခုနှစ် ဇူလိုင် ၁၄ ရက်တွင် အကြမ်းဖက်သူများ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် တံတားကျိုးကျပျက်စီးခဲ့သဖြင့် လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရန် စစ်အင်ဂျင်နီယာတပ်ဖွဲ့က ယာယီအစီအစဉ်ဖြင့် အရှည်ပေ ၁၅၀ နှစ်လွှာတစ်ထပ် ဘေလီတံတား ပြန်လည်တည်ဆောက်ပေးခဲ့ပြီး ခရီးသည်ယာဉ်များနှင့် ကုန်တင်ယာဉ်များကို ၂၅ တန်အထိ ဖြတ်သန်း ခွင့်ပြုခဲ့ကြောင်း၊ ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေရေးအတွက် ယခင်တံတားဟောင်းနေရာ တွင် အရှည်ပေ ၂၁၀၊ အကျယ် ၂၄ ပေ ရှိသော သုံးလွှာတစ်ထပ် C 200 ဘေလီတံတားကို အသစ်ထပ်မံ ပြုပြင်တည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ ယခုတည်ဆောက်နေသော ဘေလီတံတားဖွင့်လှစ်နိုင်ပါက ယာဉ်တစ်စီးချင်း တန် ၅၀ ရှိသော ကုန်တင် ယာဉ်ကြီးများအထိ လွယ်ကူချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှု အတွက် အရေးပါသောတံတားဖြစ်၍ ဆောလျင်စွာပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယခင်ပေ ၁၅၀ နှစ်လွှာတစ်ထပ် ဘေလီတံတားကို ဖယ်ရှား၍ ၎င်းနေရာတွင် မူလပုံစံအတိုင်း အခိုင်အမာတံတားကို ဆက်လက်တည်ဆောက် ရမည်ဖြစ်ပြီး ထိုသို့တည်ဆောက်ရာတွင် အကြမ်းဖက်သမားများ မိုင်းထောင်ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သော တံတားအပျက်အစီးများကို စနစ်တကျဖယ်ရှား၍ ရေလမ်းကြောင်းရှင်းလင်းခြင်းကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦလွင်မြို့အနီးရှိ ရတနာပုံ ဆိုက်ဘာစီးတီးစီမံကိန်းနေရာသို့ သွားရောက်ပြီး စီမံကိန်းဧရိယာကို ထိန်းသိမ်းထားရှိသည့် အခြေအနေ၊ နယ်နိမိတ်ဧရိယာကို ကွန်ကရစ်တိုင်သွပ်ဆူး ကြိုးကာရံနိုင်ရေး ဆောင်ရွက်နေသည့်အခြေအနေ၊ ပတ်လမ်းတစ်လျှောက်ဘေးဝဲ၊ ယာရှင်းလင်းခြင်းများ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များမှာကြားကာ စီမံကိန်းဧရိယာအတွင်း လိုက်လံစစ်ဆေးသည်။
ယင်းနောက် မန္တလေး-ပြင်ဦးလွင်လမ်းမှ ဗဟိုမီးသတ်သင်တန်းကျောင်း အဝင်လမ်းအသစ်ဖောက်လုပ်သည့်နေရာသို့ သွားရောက်စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကိုမှာကြားကာ လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး(လမ်းဟောင်း)အတိုင်း ပြန်လည် ထွက်ခွာ၍ လမ်းတစ်လျှောက်ရှိ မြေသားလမ်းပခုံးများ တိုးချဲ့ဆောင်ရွက်နေသည့်အခြေအနေများကို လည်းကောင်း၊ မိုင်တိုင်အမှတ်(၃၅၅/၀) ယုဇနတံတားရှိ ငလျင်ကြောင့် အသွားလမ်းဘက်ခြမ်း တံတားတိုင်များ ပြိုကျပျက်စီး၍ ကြမ်းခင်းနှင့်ရက်မများ နိမ့်ကျပျက်စီးသည့်အပိုင်းများကို ဖယ်ရှား၍ ပြုပြင်တည်ဆောက်နေသည့် အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို မှာကြားကာ တံတားတည်ဆောက်ရေး လုပ်ငန်းခွင်အား အသေးစိတ်ကြည့်ရှုစစ်ဆေးသည်။
ယုဇနတံတားသည် အရှည်ပေ ၂၂၀ ရှိပြီး ကမ်းကပ်ခုံများ ပြန်လည်အားဖြည့်အသုံးပြု၍ ၄၄ ပေခန်းဖွင့် သံကူကွန်ကရစ်တံတားကို ဘိုးပိုင်အုတ်မြစ်ပါငလျင်ဒဏ်ခံနိုင်သောဒီဇိုင်းဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
