Skip to main content

ပြင်ဦးလွင် ကျေးလက်ဒေသ စက်ဘီးစီး ခရီးစဉ် - ၂၀၂၆ ဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃၁

မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားမြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ပြင်ဦးလွင် ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ် - ၂၀၂၆ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ ခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပြင်ဦးလွင်တပ်နယ်မှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ပြင်ဦးလွင် ကျေးလက်ဒေသစက်ဘီးစီးခရီး စဉ်-၂၀၂၆ တွင် ပါဝင်စီးနင်းကြမည့် စက်ဘီးစီးအားကစားသမား များနှင့် စက်ဘီးစီးဝါသနာရှင်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်အနေဖြင့် အားကစားကဏ္ဍ မြင့်မားရေးနှင့် လူငယ်များဗလငါးတန်ပြည့်ဝနေစေရေး အလေးထားဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ပြင်ဦးလွင် စက်ဘီးစီးပွဲတော်ကဲ့သို့ အစီအစဉ်များကို ဆောင်ရွက်ပေးခြင်းဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကို အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ ပြင်ဦးလွင်မြို့သည် ခရီးသွားဆွဲဆောင်ရာနေရာများ၊ ခရီးစဉ်ဒေသများ၊ ရာသီအလိုက် ပြုလုပ်သည့်ပွဲတော်များ၊ ခရီးသွားအရင်းအမြစ်များစွာရှိသည့်အတွက် ပြည်တွင်း ပြည်ပခရီးသွားများ ပိုမိုလာရောက်လည်ပတ်ကြရန် ဆွဲဆောင်နိုင်သည့် အခွင့်အလမ်းကောင်းများစွာကို ပိုင်ဆိုင်ထားရှိပါကြောင်း၊ ပြင်ဦးလွင်မြို့တွင် စိုက်ပျိုးရေးအခြေခံ ခရီး သွားလုပ်ငန်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း၊ လူထုအခြေပြုခရီးသွားလုပ်ငန်း၊ ကျေးလက်ဒေသခရီးသွားလုပ်ငန်းနှင့် အခြားဆက်စပ်ခရီးသွားလုပ်ငန်း အမျိုးအစားများကို အကောင်အထည် ဖော်နိုင်ပါကြောင်း၊ ခရီးစဉ်ဒေသအသစ်များကို ဖော်ထုတ်မြှင့်တင်သွားကြရန် လိုအပ်ပါကြောင်း၊ ပြင်ဦးလွင်မြို့သို့ လာရောက်သည့် ခရီးသွားဧည့်သည်များ ရက်ရှည်နေထိုင်နိုင်အောင် ဆွဲဆောင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားပြီး စက်ဘီးစီးအားကစားသမားများအား သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ပေးသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းသို့ ပန်းဝင်ရောက်ရှိလာသည့် စက်ဘီးစီး အားကစားသမားများကို ကြိုဆို၍ အမှတ်တရလည်ဆွဲ တံဆိပ်များပေးအပ်ချီးမြှင့်ပြီး ပြင်ဦးလွင် ကျေးလက်ဒေသစက်ဘီးစီးခရီးစဉ် - ၂၀၂၆ တွင် ပူးပေါင်း ပါဝင်ဆောင်ရွက်သူများ ကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြင်ဦးလွင် ရုံးခွဲသို့ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းများ အောင်မြင်စွာ အကောင်ထည်ဖော် နိုင်ရေး ကျွမ်းကျင်မှု၊ ဗဟုသုတနှင့်နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြရန် ဆွေးနွေးမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံပိုင်ဟိုတယ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရှေးဟောင်းအဆောက် အအုံများဖြစ်သည့်အတွက် ဟိုတယ်အဆောက်အအုံ၊ အခန်းများကို ပြုပြင်မွမ်းမံရာတွင် ရှေးမူမပျက် အထူးဂရုပြု ပြင်ဆင်ထိန်းသိမ်းရန်၊ ဧည့်သည်များအား ဝန်ဆောင်မှုကောင်းများပေးရန်၊ ပြင်ဦးလွင်မြို့အား ခရီးသွားမြို့တော်၊ အားကစားမြို့တော်၊ ပန်းမြို့တော်၊ ကျန်းမာရေးမြို့တော်၊ ကော်ဖီမြို့တော်ဖြစ်စေရေးအတွက် အကောင်အထည် ဖော်သည့်လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်ကြရန်၊ ပြင်ဦးလွင် မြို့သို့ခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်ကြစေရန် ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်