Skip to main content

အွန်လိုင်းလိမ်လည်လောင်းကစား လုံးဝအခြေမပြုရေးတိုက်ဖျက်

နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများသည် မြန်မာနိုင်ငံတွင် စတင်အခြေပြုဖြစ်ပေါ် လာခြင်းမဟုတ်ဘဲ ဒေသတွင်းနိုင်ငံအချို့မှတစ်ဆင့် မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ အဆိုပါဒုစရိုက်မှုလုပ်ငန်း တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို မြန်မာနိုင်ငံအစိုးရအနေဖြင့် အမျိုးသားရေးလုပ်ငန်းတာဝန်တစ်ရပ်အဖြစ်ခံယူပြီး သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းလျက် အဆက်မပြတ် အလေးထားတိုက်ဖျက်နေသည်ကို မကြာခဏတွေ့မြင်ရမည်ဖြစ်သည်။

အွန်လိုင်းလောင်းကစားလုပ်ငန်းများကို အစောပိုင်းက မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဒေသအချို့၌ တရားမဝင် ဝင်ရောက်နေထိုင်လုပ်ကိုင်သူများကို ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့သည်။ ၂၀၂၃ ခုနှစ်မှစတင်၍ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ် နယ်စပ်ဒေသများတွင် အခြေပြုလုပ်ကိုင်လာကြသော ပြည်ပမှ တရားမဝင်လာရောက်လုပ်ကိုင်ကြသည့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုလုပ်ငန်းများကို ယနေ့ထက်တိုင် ဖော်ထုတ်ရှင်းလင်း ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် ကရင်ပြည်နယ် မြဝတီဒေသနယ်စပ်များ၌ အခိုင်အမာအခြေပြုဆောင်ရွက်ခဲ့သည့် ဖော်ပြပါဒုစရိုက်လုပ်ငန်းများကို လုံးဝအမြစ်ပါမကျန်သည်အထိ ရှင်းလင်းနေသည်မှာ ပြီးဆုံးလုပြီဖြစ်သည်။

ကရင်ပြည်နယ် နယ်စပ်ဒေသများတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိချိန်တွင် မကြာသေးမီရက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်များအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများအပြင် မူးယစ်ဆေးဝါးချက်လုပ် သည့်နေရာများကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။ ထပ်မံ၍ ဇန်နဝါရီလ ၂၉ ရက်မှ ၃၁ ရက်နေ့တို့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများပြုလုပ်သည့် အဆောက်အအုံပစ္စည်းများနှင့် ပြည်ပနိုင်ငံသားများကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။ အဆိုပါဒုစရိုက်မှုများသည် နယ်စပ်ဒေသများတွင် အခြေပြုရာမှ အတွင်းပိုင်းဒေသများသို့ရောက်ရှိလာသဖြင့် ရှာဖွေဖော်ထုတ်ရှင်းလင်း၍ ပြစ်မှုကျူးလွန်သူများနှင့် နောက်ကွယ်မှပါဝင် ပတ်သက်သူများကို ထိထိရောက်ရောက် အရေးယူသွားမည်ဟု သိရသည်။

ကရင်ပြည်နယ်တွင်ကယ်တင်ခဲ့သည့် ပြည်ပနိုင်ငံသားများ၏ ထွက်ဆိုချက်အရ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့်ဝင်ရောက်ပြီး ဗန်ကောက်မြို့မှ မဲဆောက်မြို့သို့ မော်တော်ယာဉ်၊ လေယာဉ်ဖြင့်သွားရောက်ခြင်း၊ မဲဆောက်မှတစ်ဆင့် သောင်ရင်းမြစ်ကိုတရားမဝင်ဖြတ်ကူး၍ ကရင်ပြည်နယ် မြဝတီဒေသရှိ ကုမ္ပဏီများသို့သွားရောက်ခြင်း၊ တရားဝင်ဗီဇာဖြင့် ရန်ကုန်လေဆိပ်သို့ရောက်ရှိပြီး မော်တော်ယာဉ်ဖြင့် မြဝတီမြို့သို့ သွားရောက်ခြင်းများရှိကြောင်း သိရသည်။ မဲဆောက်ဘက်မှကူးလာသူ ၉၉ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ပြီး ပြည်တွင်းလမ်းကြောင်းမှ သုည ဒသမ ၄ ရာခိုင်နှုန်းဖြစ်သည်။

ယင်းရာဇဝတ်မှုများကို မြန်မာနိုင်ငံအတွင်း ဖော်ထုတ်ဖမ်းဆီးရမိသော်လည်း ကွင်းဆက်များစွာဖြင့် လည်ပတ်နေသည့် တရားမဝင်စီးပွားရေးလုပ်ငန်းများအဖြစ် ရှုမြင်ရမည်ဖြစ်သည်။ ဖမ်းဆီးရမိမှုများတွင် ပြည်ပနိုင်ငံသားများကို တွေ့ရှိရပြီး အသုံးအဆောင်ပစ္စည်းများနှင့် ဆက်သွယ်ရေးကိရိယာများသည် ပြည်ပနိုင်ငံမှ သယ်ဆောင်လာသောပစ္စည်းများဖြစ်သည်။ ထိုသို့လုပ်ကိုင်နိုင်ရန်အတွက် ဒေသမှ လက်နက်ကိုင်သောင်းကျန်းသူများက အကာအကွယ်ပေးထား၍သာ လုပ်ကိုင်နိုင်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏နယ်မြေအတွင်း တွေ့ရှိခြင်းဖြစ်သော်လည်း ပါဝင်သူများသည် မြန်မာနိုင်ငံသားများမဟုတ်သလို လိမ်လည်မှုမှရရှိသော ငွေကြေးများမှာလည်း မြန်မာနိုင်ငံ၏ ဘဏ်စနစ်အတွင်းရောက်ရှိသောငွေကြေးများမဟုတ်ပေ။ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအရ နိုင်ငံတိုင်းသည် မိမိတို့နှင့်သက်ဆိုင်သည့် အစိတ်အပိုင်းအားလုံးကို တိုက်ဖျက်ရန်တာဝန်ရှိသည်။ အဆိုပါပြဿနာကို နိုင်ငံတကာရာဇဝတ်မှုတိုက်ဖျက်ရေးဆိုင်ရာ စံနှုန်းများနှင့်အညီ နိုင်ငံတိုင်းသည် ကျရာကဏ္ဍကို အပြည့်အဝထမ်းဆောင်ရန် လိုအပ်သည်။

မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့်လောင်းကစားမှုလုပ်ငန်းများ မြန်မာနိုင်ငံတွင် အခြေမချနိုင်အောင် တွေ့ရှိမှုမှန်သမျှကို ရာနှုန်းပြည့်ဖျက်ဆီးသွားမည်ဖြစ်သည်။ ပေါ်ပေါက်လာသော အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများသည် နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေခြင်းဖြစ်သလို ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းသူများ၏ အရင်းအမြစ်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ အချို့နှင့် တရားဥပဒေစိုးမိုးနိုင်မှု ကင်းလွတ်နေသောနေရာအချို့တွင် အွန်လိုင်းလိမ်လည်မှုဒုစရိုက်ဂိုဏ်းများနှင့် လက်နက်ကိုင်သောင်းကျန်းသူများ ပတ်သက်နေခြင်းသည် မြန်မာနိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေနိုင်သဖြင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်က အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှု မြန်မာ့မြေတွင် လုံးဝအခြေမပြုနိုင်အောင် ပြတ်ပြတ်သားသား တိုက်ဖျက်ရှင်းလင်းလျက်ရှိပါကြောင်း။ ။