နေပြည်တော် ဖေဖော်ဝါရီ ၃
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းတွင် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပမည့် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) သို့ ရောက်ရှိပြီး အခမ်းအနား အောင်မြင်စွာကျင်းပရေးကိစ္စများကို ဆွေးနွေးမှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) (MICC-1)တွင် ဆောင်ရွက်လျက်ရှိသော ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားအတွက် မုခ်ဦးတည်ဆောက်ပြီးစီးမှု၊ ဂုဏ်ပြုခံလျှောက်လမ်း (Red Carpet) တည်ဆောက်ပြီးစီးမှုနှင့် မီဒီယာတွေ့ဆုံမေးမြန်းမည့်နေရာ၊ ရိုက်ကူးရေးဆောင်ရွက်မည့်နေရာများ စီစဉ်ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ LED screen များ တပ်ဆင်ပြီးစီးမှု၊ အသံစနစ်၊ မီးစနစ်များ တပ်ဆင်ပြီးစီးမှုနှင့် နည်းပညာဆိုင်ရာ စမ်းသပ်ဆောင်ရွက်မှုများကိုလည်းကောင်း၊ အခမ်းအနားအစီအစဉ်များနှင့် ထူးချွန်ဆုရအနုပညာရှင်များ ဆုလက်ခံရယူနိုင်မည့် အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးဆောင်ရွက်၍ တာဝန်ရှိသူများအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
