နေပြည်တော် ဖေဖော်ဝါရီ ၁၈
စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့အကြား ပူးပေါင်းဆောင်ရွက်မှု ကွန်ရက်ခိုင်မာလာစေရန်နှင့် ဘက်စုံပညာရပ်ဆိုင်ရာ ချဉ်းကပ်မှုများ ဖော်ဆောင်နိုင်ရန် ရည်ရွယ်ကျင်းပသည့် “သီးနှံများအထွက် တိုးရေးအတွက် ဂေဟစနစ်ဖွံ့ဖြိုးရေးနှင့် ဝတ်မှုန်ကူးမှုအထောက်အကူပြုသော ပျားနှင့်အင်းဆက်သတ္တဝါများ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သုတေသီပညာရှင်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ပါမောက္ခများ၊ ဆရာ ဆရာမများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းကာ ဂေဟစနစ်ဖွံ့ဖြိုးရေးနှင့် ဝတ်မှုန်ကူးမှု အထောက်အကူပြုသော ပျားနှင့်အင်းဆက်သတ္တဝါများနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ ဂေဟဗေဒဘာသာရပ်ကို စနစ်တကျလေ့ကျင့်သင်ကြားပေးရန် မှာကြားလိုကြောင်း၊ ပျားနှင့် အင်းဆက်ပိုးမွှားများသည် စိုက်ပျိုးသီးနှံများ၏ ဝတ်မှုန်ကူးမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ယင်းတို့၏ ဝတ်မှုန်ကူးဆောင်ရွက်မှုကြောင့် သီးနှံအထွက်နှုန်းများ သိသိသာသာတိုးတက်လာကြောင်း၊ ကမ္ဘာပေါ်ရှိ ပန်းပွင့်သည့် အပင်များ၏ ၈၀ ရာခိုင်နှုန်းခန့်သည် ဝတ်မှုန်ကူးပြီး သန္ဓေအောင်မြင်ရန်အတွက် ဝတ်မှုန်ကူးမှုအထောက်အကူပြုသော ပျားနှင့် အင်းဆက်သတ္တဝါများ အကူအညီကိုရယူကြရကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဆင်းရွှေကြာ (၂) နေကြာမျိုးအား မျိုးမြှင့်တင်ရွေးချယ်ခြင်း နည်းလမ်းဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် မျိုးစေ့လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်အတွက် နေကြာစိုက်ပျိုးသူ တောင်သူလယ်သမားများပါ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ယနေ့ဆွေးနွေးပွဲကို ပျားနှင့် အင်းဆက်ပိုးမွှားများ၏ သီးနှံအထွက်နှုန်းအပေါ် သက်ရောက်မှုဆိုင်ရာ ဗဟုသုတများကို မျှဝေနိုင်ရန်၊ ဝတ်မှုန်ကူးမှုအထောက်အကူပြုသော ပျားနှင့် အင်းဆက်၊ သတ္တဝါများ၏ ဂေဟစနစ်အတွင်း အရေးပါမှုနှင့် စိုက်ပျိုးရေးထွက်ကုန်တိုးတက်ရေးအတွက် မည်ကဲ့သို့ အထောက်အကူပြုကြောင်း နက်ရှိုင်းစွာ ဆွေးနွေးသုံးသပ်နိုင်ရန် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
