ရန်ကုန် နိုဝင်ဘာ ၂၀
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားပြတိုက်(ရန်ကုန်)သို့ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ အသံလမ်းညွှန်စက်အလုံး ၁၀၀ လှူဒါန်းခြင်းကို ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ အဆိုပါ ပြတိုက်တွင် ယမန်နေ့ နံနက်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာလီဆန်းဟွာမှ လှူဒါန်းရခြင်း အကြောင်းကိုရှင်းလင်းပြောကြား၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်နိုင်မြင့် မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ကိုရီးယား- မြန်မာ - အင်္ဂလိပ်ဘာသာ အသံလမ်းညွှန်စက်အလုံး ၁၀၀ ကို ပြတိုက်တွင် အသုံးပြုရန် သံအမတ်ကြီးမှ လှူဒါန်းရာ တိုင်းဝန်ကြီးချုပ်၊ ပါမောက္ခချုပ် တို့က လက်ခံရယူခဲ့ကြသည်။
ယင်းနောက် တိုင်းဝန်ကြီးချုပ်နှင့်သံအမတ်ကြီးတို့အား ပါမောက္ခချုပ်နှင့် ပြတိုက်တာဝန်ရှိသူ တို့က ပြတိုက်အတွင်းလိုက်လံပြသရှင်းလင်းတင်ပြခဲ့ကြသည်။
ထိုအသံလမ်းညွှန်စက်များအားကိုရီးယား - မြန်မာ သံတမန်ဆက်ဆံရေး (၄၅)နှစ်ပြည့် နှင့် ကိုရီးယား - မဲခေါင်ဖလှယ်ရေးနှစ်အားဂုဏ်ပြု အထိမ်းအမှတ်အဖြစ် လှူဒါန်းခြင်းဖြစ်ကြောင်း နှင့် အမျိုးသားပြတိုက်(ရန်ကုန်)သို့ လာရောက်လည်ပတ်ကြည့်ရှုကြမည့် နိုင်ငံတကာ ဧည့်သည် များအနေဖြင့် အသံလမ်းညွှန်စက်များအား ပြတိုက်အတွင်းပိုမိုအဆင်ပြေစွာ အသုံးပြုနိုင်ရန် ယခုလိုလှူဒါန်းခြင်းဖြစ်ကြောင်းသိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)