Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်၍ ရပ်ကွက်ကြီး(၈)၊ (၁၀)၊ ပဒေသာမြို့သစ်တို့ရှိ သိင်္ဂီလမ်း၊ ရတနာလမ်း၊ နဝရတ်လမ်း၊ ပြည်သာယာလမ်းတို့တွင် ပြင်ဦးလွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပြအင်္ဂါရပ်နှင့်အညီဖြစ်စေရေး ၂၄ ပေအကျယ်ရရှိစေရန် လမ်းချဲ့ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် လမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများ၊ မြေသားရေမြောင်း တူးဖော်ခြင်းလုပ်ငန်းများ၊ ကတ္တရာခင်းခြင်းလုပ်ငန်းများ၊ Thermo Plastic Paint ရေးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ပြင်ဦးလွင်ဘူတာသို့ရောက်ရှိကြပြီး ဘူတာနယ်မြေတွင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ဒုတိယဝန်ကြီး ဦးအောင်မြိုင်တို့က ဘူတာနယ်မြေတွင် ပွဲကြည့်စင်အပါ ဘောလုံးကွင်းနှင့် မိုးလုံလေလုံအားကစားရုံတည် ဆောက်ခြင်းလုပ်ငန်းများ ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်းလုပ်ငန်းများ၊ အဆင့်မြင့်ဟိုတယ်နှင့် ဈေးဝယ်စင်တာပါရှိသည့် ၄ ထပ်အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများအား လုပ်ငန်းစဉ်အဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ပြင်ဦးလွင် - ဂုတ်ထိပ် ရထားခရီးစဉ်ပြေးဆွဲနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြင်ဦးလွင်မြို့၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်စေခြင်းဖြစ်ပြီး မြေကိုအကျိုးရှိရှိအသုံးချနိုင်ရေးအတွက် စနစ်တကျဖြင့် ရေးဆွဲတွက်ချက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြင်ဦးလွင်ဘူတာနှင့် ကလောဘူတာတို့သည် ရှေးဟောင်းသမိုင်းဝင် ဘူတာများဖြစ်သည့်အတွက် ဘူတာအဆောက်အဦအား စနစ်တကျထိန်းသိမ်းသွားရန်နှင့် ဘူတာနယ်နိမိတ်အတွင်း စနစ်တကျရှိစေရေး၊ သန့်ရှင်းသာယာလှပမှုရှိစေရေး၊ စိတ်ချမ်းမြေ့ဖွယ် ပတ်ဝန်းကျင်ဖြစ်စေရေး စဉ်ဆက်မပြတ် ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေခြင်းများကိုဖော်ဆောင်ခြင်းအားဖြင့် ဒေသတွင်းသို့ လာရောက်လည်ပတ်မည့် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်မည်ဖြစ်ပြီး အမျိုးသားဝင်ငွေသည်လည်း တိုးတက်လာစေမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်တံတားသို့ ရထားခရီးစဉ်များပြေးဆွဲမှုနှင့်ပတ်သက်၍လည်း အပန်းဖြေ ခရီးလာရောက်သည့်သူများအနေဖြင့် ဒေသန္တရဗဟုသုတများနှင့် သဘာဝပတ်ဝန်းကျင် သာယာလှပမှုများကို ခံစားရရှိနိုင်မည်ဖြစ်သဖြင့် ခရီးသည်များ ဘေးကင်းလုံခြုံစွာဖြင့် စီးနင်းလိုက်ပါလေ့လာနိုင်ရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အနီးစခန်းလေဆိပ်အဆင့်မြှင့်တင်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လုပ်ငန်းများ ဆောင်ရွက်ရာတွင် နောင်ဖြစ်ပေါ်လာမည့် ခရီးသွားလာမှု၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကိုကြည့်၍ ရေရှည်အကျိုးရှိစေရေး စနစ်တကျ တွက်ချက်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။