နေပြည်တော် မတ် ၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်) မှ လေ့လာရေးခရီးလာရောက်ကြသည့် ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံပွဲကို ယမန်နေ့ညပိုင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် သပြေအေးကျောင်းတိုက်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်သူဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယခုကဲ့သို့ လေ့လာရေးခရီးစဉ်ကို စီစဉ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများအား နေပြည်တော်သို့ ဖိတ်ခေါ်ပြီး နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်ပြီး လေ့လာရေးခရီးစဉ်မှရရှိသော အတွေ့အကြုံကောင်းများကို မိမိတို့ဒေသတွင် လူမှုစီးပွားဘဝမြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိရောက်စွာ ပြန်လည်အသုံးချနိုင်စေရန်၊ တစ်အူထုံ့ဆင်း ညီရင်းအစ်ကိုမောင်ရင်းနှမများပမာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု၊ ရင်းနှီးချစ်ခင်မှု၊ ယုံကြည်မှုတို့ဖြင့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ပွား များခိုင်မာလာစေရန်နှင့် သမဝါယမကောလိပ်များ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ သင်တန်းတွင် သတ်မှတ်အရည်အချင်းပြည့်မီသူများသည် ပေါင်းကူးတက်ရောက်ခွင့်ရရှိနိုင်မည် ဖြစ်သည့်အတွက် ကြိုးစားချင်စိတ်ဖြစ်ပေါ်လာအောင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ သမဝါယမကောလိပ်(မန္တလေး) သို့ သွားရောက်လေ့လာစေခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား ထောက်ပံ့ငွေများပေးအပ်ပြီး လေ့လာရေးခရီး လာရောက်ကြသည့် သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်အတူ ဂုဏ်ပြုညစာအတူတကွသုံးဆောင်ကြသည်။
ယနေ့နံနက်ပိုင်းတွင် လေ့လာရေးကျောင်းသား ကျောင်းသူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးသို့ သွားရောက်ဖူးမြော်ပြီးစုပေါင်း၍ အလှူငွေများပေးအပ်လှူဒါန်းကြကာ မော်ကွန်းပြတိုက်ကို လေ့လာကြသည်။
ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)သို့ သွားရောက်ကြည့်ရှုလေ့လာကာ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ခြင်း၊ တာဝန်ရှိသူများက သတင်းရိုက်ကူးတည်းဖြတ်ထုတ်လွှင့်ပုံ အဆင့်ဆင့်၊ တိုင်းရင်းသားရုပ်သံလိုင်း (NRC)ထုတ်လွှင့်နေမှုများ၊ ရေဒီယိုထုတ်လွှင့်ရေး အစီအစဉ်များနှင့် စိန်ရတုပြတိုက်တို့ကို လေ့လာခြင်းတို့ဆောင်ရွက်ကြသည်။
ဆက်လက်၍ တပ်မတော်စစ်သမိုင်းပြတိုက်သို့ရောက်ရှိရာ ပြတိုက်အတွင်းရှိ ခင်းကျင်းပြသထားသော ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်စစ်ဆင်ရေးမှတ်တမ်းများ၊ ဗမာ့ကာကွယ်ရေး တပ်မတော်သုံးပစ္စည်းများနှင့်လက်နက်များ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ပြခန်းများကို ကြည့်ရှုလေ့လာကြသည်။
ထို့နောက် လေ့လာရေးကျောင်းသားကျောင်းသူများသည် နေပြည်တော် (ဗုဒ္ဓဂယာ) မဟာဗောဓိစေတီတော်ကြီးနှင့် သတ္တသတ္တာဟခုနစ်ဌာနတို့ကို သွားရောက်ဖူးမြော်လေ့လာကြသည်။ ညနေပိုင်းတွင် ရေပန်းဥယျာဉ်သို့သွားရောက်၍ အပန်းဖြေလေ့လာ ကြည့်ရှုကြကြောင်း သိရသည်။
သတင်းစဉ်
