Skip to main content

ကျောင်းပြင်ပရောက်ကလေးများအတွက် ကျောင်းသုံးစာအုပ်များနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းပွဲကျင်းပ

ရန်ကုန် မတ် ၄

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသင်ပညာရေးနည်းလမ်းနှင့် မတက်ရောက်နိုင်သည့် ကျောင်းနေ အရွယ်လွန်ကလေးများ၊ ကျောင်းပြင်ပရောက်ကလေးများနှင့် ဦးတည်အုပ်စုနှင့်ကိုက်ညီသည့် ကလေးများကို ဒုတိယအကြိမ်သင်ယူမှုအခွင့်အလမ်းဖန်တီးပေးသည့် တန်းညှိပညာရေး အစီအစဉ်၏ ကျောင်းပြင်ပ မူလတန်းပညာရေးသင်ကြားမည့် ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးစာအုပ်များနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ) ခန်းမ၌ ကျင်းပသည်။

လှူဒါန်းပွဲသို့ ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် တိုင်းဒေသကြီး ပညာရေးမှူးရုံးများမှ ကိုယ်စားလှယ်များ၊ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် အလှူရှင် PTTEP Myanmar Limited မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားပြီး PTTEP Myanmar ကုမ္ပဏီလီမိတက်မှ General Manager Mr.Sup-pakan Thanatit က ကျောင်းပြင်ပမူလတန်းပညာရေး သင်ကြားမည့် ကျောင်းသား ကျောင်းသူများအတွက် လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းတင်ပြကာ PTTEP Myanmar ၏ လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်သည့် မှတ်တမ်းဗီဒီယိုကလစ်ကို ကြည့်ရှုကြသည်။

ထို့နောက် PTTEP Myanmar မှ General Manager က ကျောင်းသုံးစာအုပ်များနှင့် စာရေးကိရိယာ များကို ပေးအပ်လှူဒါန်းရာ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူး (NFME) ဒေါက်တာချိုချိုဝင်းက လက်ခံရယူကြောင်း သိရသည်။

သတင်းစဉ်