မကြာသေးမီက အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ပြည်နယ်ကြီးအချို့ကို ဖြတ်သန်း၍ မိုင်ထောင်ချီရှည်လျားသော ငြိမ်းချမ်းရေးခရီးရှည်ကြီး (Walk for Peace) ကို ဗီယက်နမ်လူမျိုး ဆရာတော် ဘိက္ခုပညာကာရ ဦးဆောင်သည့် ထေရဝါဒဗုဒ္ဓဘာသာ ရဟန်းတော် အပါး ၂၀ ခန့်တို့ ခြေလျင်ကြွမြန်းတော်မူခဲ့ကြသည်။ ကြမ်းတမ်းသည့် ဆောင်းရာသီ၏ အအေးဒဏ်ကို အန်တုကာ ရက်ပေါင်းများစွာ လျှောက်လှမ်းခဲ့ကြသည့် သံဃာတော်တို့၏ ခရီးစဉ်ကို ဆိုရှယ်မီဒီယာများမှတစ်ဆင့် တွေ့မြင်ခဲ့ရပြီး ကုသိုလ်တရားတို့ ပွားများခွင့်လည်း ရခဲ့ကြသည်။
ထိုခရီးစဉ်တွင် အံ့အားသင့်ဖွယ် တွေ့မြင်ရသည်မှာ ကမ္ဘာ့ထိပ်ဆုံး နံပါတ် (၁) နိုင်ငံကြီးမှ ပြည်သူများ၏ စိတ်နှလုံးတို့မှာ ဖူလုံပြည့်စုံမှုတို့နှင့်အတူ ပျော်ရွှင်ချမ်းမြေ့နေကြရမည့်အစား နှလုံးစိတ်ဝမ်းချမ်းမြေ့သာယာငြိမ်းချမ်းမှုကို ငတ်မွတ်တောင့်တနေကြခြင်းပင်ဖြစ်သည်။ ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်းစေရန် မည်သူမျှ မတတ်နိုင်ကြစေကာမူ လူတစ်ဦးချင်းစီအတွက် တစ်နေ့တာငြိမ်းချမ်းရေးကို မိမိကိုယ်တိုင် သန္နိဋ္ဌာန်ပြုကြနိုင်စေရန်အတွက် “Today is going to be my peaceful day” ဟူသော စကားလေးတစ်ခွန်းကို ဆရာတော်က သင်ကြားပေးခဲ့ရာ အမေရိကန်ပြည်သူတို့၏ စိတ်နှလုံးတွင် စွဲထင်ခဲ့သည်။ နေ့တစ်နေ့ကို မိမိ၏ ငြိမ်းချမ်းသည့်နေ့ ဖြစ်မည်ဟူ၍ ပိုင်းဖြတ်ယုံကြည်ထားသော မိမိ၏စိတ်နှလုံးကသာလျှင် မိမိကို ငြိမ်းချမ်းစေမည်ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ငြိမ်းချမ်းမှုဆိုသည်မှာ အတွင်းစိတ်သန္တာန်တွင်သာရှိသည်ဟု ယုံကြည်ကြသလို အလေးအနက်လည်း ထားကြသည်။ လူသားများနှင့်တကွ အားလုံးသော သက်ရှိသတ္တဝါ ဟူသမျှတို့ကို နှလုံးစိတ်ဝမ်းချမ်းမြေ့ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သကြသည်။ ချမ်းမြေ့သာယာစွာ အိပ်စက်အနားယူနိုင်ကြပါစေ။ အိပ်ပျော်သည့်အခါတွင်လည်း ကောင်းစွာအိပ်မက်မက်ကြပါစေ။ အိပ်ရာမှ ကြည်လင်ရွှင်ပျ ကောင်းစွာနိုးထနိုင်ကြပါစေဟုလည်း ဆုမွန်ကောင်းပေးကြသည်။ စင်စစ်အားဖြင့် စိတ်၏ချမ်းသာခြင်း၊ ကောင်းစွာအိပ်စက်၊ ကောင်းစွာနိုးထရခြင်းစသည်တို့မှာ ဒုက္ခ၊ ဒေါမနဿစသည်ဖြင့် ကိုယ်၏ဆင်းရဲ၊ စိတ်၏ ဆင်းရဲတို့နှင့် ပူပြင်းလောင်ကျွမ်းနေကြရသူတို့အဖို့ ခံစားခွင့်မရနိုင်ကြသည့် ချမ်းသာသုခများဖြစ်သည်။ စိတ်နှလုံးပူပန်မှုကြောင့် ရက်ရှည်လများ မအိပ်စက်နိုင်သူတို့မှာ နာရီအနည်းငယ်မျှ ကောင်းစွာအိပ်လိုက်ရခြင်းသည် ကြီးမားလှသည့် ဆုလာဘ်ကြီးဟု ဆိုရမည်ဖြစ်သည်။
သို့ရာတွင် လူတို့မှာ သမိုင်းဦးအစကတည်းကပင် စစ်ပွဲနှင့် ယှဉ်တွဲလာခဲ့ကြရာ ကျောက်တုံးကျောက်ခဲများကို လက်နက်အဖြစ် အသုံးပြုခဲ့သည့် ကျောက်ခေတ်မှသည် မျက်မှောက်ကာလတွင် ၀ရဇိန်လက်နက် မိုးကြိုးစက်ဟု တင်စားရလောက်သော လက်နက်ဆန်းများ အသုံးပြုသည့်ခေတ်အထိ စစ်ပွဲတို့ ဆင်နွှဲနေကြဆဲ။ ယနေ့ခေတ်တွင် ကမ္ဘာသည် ရွာတစ်ရွာမျှ ကျဉ်းကျုံ့သွားခဲ့ပြီဖြစ်ရာ အိမ်ရှေ့ပူလျှင် အိမ်နောက်သည် မချမ်းသာ။ တစ်နေရာတွင် ဖြစ် သည့် ပြဿနာက အခြားနေရာများဆီသို့လည်း ရိုက်ခတ်စေသည်။ ယခုလည်း အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခက အရှိန်မြင့်လာလျက်ရှိပြီး စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိနေ သည်။ စစ်ပွဲတို့၏ ထုံးစံအတိုင်း အနိဋ္ဌာရုံပုံရိပ်များစွာတို့ ထွက်ပေါ်လာနေသည်ကိုလည်း စိတ်မချမ်းမြေ့ဖွယ် တွေ့မြင်လာရပြီဖြစ်သည်။
ကမ္ဘာ့နိုင်ငံများအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ချက်ဖြစ်သော (၁) နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အပြန်အလှန်လေးစားရန်၊ (၂) အပြန်အလှန် ကျူးကျော်မှု မပြုရန်၊ (၃) နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ၀င်ရောက်စွက်ဖက်ခြင်း မပြုရန်၊ (၄) အပြန် အလှန် အကျိုးစီးပွားအတွက် သာတူညီမျှမှုရှိရန်နှင့် ပူးပေါင်း ဆောင်ရွက်မှုပြုရန်၊ (၅) ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သွားရန် ဆိုသည့်အချက်များကို အခြေခံ၍ အပြုသဘောဆောင်သည့် ဆွေးနွေးမှု၊ သံတမန်ရေး ကြိုးပမ်းမှုတို့ဖြင့်သာ ပဋိပက္ခများကို ဖြေရှင်းနိုင်ကြမည်ဖြစ်သည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် တိုက်ခိုက်မှုများတွင် ပါဝင်နေသည့် နိုင်ငံများသည် နိုင်ငံတိုင်း၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အပြန်အလှန် လေးစားလိုက်နာရန် လိုအပ်ပြီး ပဋိပက္ခနှင့် တိုက်ခိုက်မှုများကို လျှော့ချကာ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးအဖြေရှာကြရန်လိုသည်။ ခြိမ်းခြောက်ခြင်း၊ အင်အားအသုံးပြုခြင်းတို့ကို ရှောင်ကြဉ်ကာ တရားမျှတမှုနှင့်နိုင်ငံတကာ ကျင့်ဝတ်တို့ကို လေးစားလိုက်နာကြရန်လည်းလိုသည်။ နိုင်ငံများ၏ အပြန်အလှန်အကျိုးစီးပွားတို့ ဖြစ်ထွန်းရန်မှာ တိုက်ခိုက်မှုများကို ရပ်ဆိုင်း၍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ခြင်းသည်သာ မှန်ကန်သည့်အဖြေ ဖြစ်ပါမည့်အကြောင်း။ ။
