နေပြည်တော် မတ် ၈
နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောသည် ယနေ့နံနက်ပိုင်းတွင် မြန်မာ-ဂျပန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဖြင့်တည်ဆောက်သော ကရင်ပြည်နယ်ဘားအံမြို့ ဂျိုင်း(ဇာသပြင်)တံတားအသစ်နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့ အတ္ထရံ တံတားအသစ် ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။
အဆိုပါအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးများ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ တိုင်းရင်းသားရိုးရာအဖွဲ့များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကရင်ပြည်နယ် ဘားအံမြို့ ရှိ၊ ဂျိုင်း(ဇာသပြင်)တံတားအသစ် ဖွင့်ပွဲအခမ်းအနားသို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးထွန်းအုံ၊ ဦးမင်းနောင်၊ ဦးမျိုးသန့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းတို့က မင်္ဂလာအချိန် တွင် ဂျိုင်း(ဇာသပြင်) တံတားအသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
စက်ခလုတ်နှိပ်ဖွင့်လှစ်
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောက ဂျိုင်း(ဇာသပြင်) တံတားအသစ်ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က တံတားတည်ဆောက်ရာတွင်ပါဝင်ခဲ့ကြသည့် အင်ဂျင်နီယာအဖွဲ့များအား အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ ဂျိုင်း (ဇာသပြင်) တံတားအသစ် ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်အား ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ဂါရဝပြုပေးအပ်သည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အသစ်တည်ဆောက်ပြီးစီးသည့် တံတားကြီးပေါ်မှ ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အတ္ထရံတံတားအသစ် ဖွင့်ပွဲအခမ်းအနားသို့ ဆက်လက်တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ကျော်ထွန်း၊ ဗိုလ်ချုပ်ဖြိုးသန့်နှင့် ဦးမျိုးမြင့်တို့က အတ္ထရံတံတားအသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက အတ္ထရံတံတားအသစ် ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ အတ္ထရံတံတားအသစ် ဖွင့်ပွဲအထိမ်း အမှတ်လက်ဆောင်အား ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ဂါရဝပြုပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အသစ်တည်ဆောက်ပြီးစီးသည့် တံတားကြီးပေါ်မှ ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။
ဂျိုင်း(ဇာသပြင်)တံတားအသစ်သည် သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး တံတား၏အရှည်မှာ ၂၆၁၅ ပေ၊ ယာဉ်သွားလမ်း အကျယ်လေးလမ်းသွား၊ ရေလမ်းကင်းလွတ်အကျယ်ပေ ၇၅၀ နှင့် အမြင့် ပေ ၄၀ ရှိကာ တံတား၏ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း၊ အတ္ထရံတံတားသစ်သည်လည်း သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး တံတား၏အရှည်မှာ ၁၅၇၅ ပေ၊ ယာဉ်သွားလမ်းအကျယ် လေးလမ်းသွား၊ ရေလမ်းကင်းလွတ်အကျယ် ပေ ၄၀၀၊ အမြင့် ပေ ၄၀ ရှိကာ တံတား၏ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း။
ဆက်သွယ်သွားလာနိုင်
အဆိုပါ ခေတ်မီသံမဏိကြိုးဆိုင်းတံတားကြီးများ တည်ဆောက်ပြီးစီးခဲ့ခြင်းကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဒေသတွင်းလူမှုစီးပွားဘဝများနှင့် ပြည်တွင်း /ပြည်ပ စီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုရရှိလာကြမည်ဖြစ်ကြောင်း၊ ယင်းတံတားများကိုအသုံးပြု၍ မွန်ပြည်နယ် မော်လမြိုင်မြို့မှတစ်ဆင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင်တည်ဆောက်မည့် အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းနှင့် ရန်ကုန်မြို့ရှိ သီလဝါအထူး စီးပွားရေးဇုန်သို့လည်း ကုန်စည်စီးဆင်းမှုများ ပိုမိုကောင်းမွန်မြန်ဆန်လာမည်ဖြစ်သကဲ့သို့ အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းပေါ်ရှိ ဗီယက်နမ်၊ လာအို၊ ထိုင်း နိုင်ငံများနှင့်ပါ ဆက်သွယ်သွားလာနိုင် မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားကာ ဌာနအလိုက် ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
