နေပြည်တော် မတ် ၈
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် ၂၃ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့်ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီတို့မှ ကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုနယ်မြေနေပြည်တော် အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသမီးအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဆောင်ပုဒ်မှာ “တရားမျှတမှုနဲ့ အခွင့်အရေးများ ရရှိရေး အမျိုးသမီးများအားလုံးအတွက် ဆောင်ရွက်ပေး” ဖြစ်ပါကြောင်း၊ ဆောင်ပုဒ်၏ ဆိုလိုချက်အရ အမျိုးသမီးများနှင့်ပတ်သက်ပြီး တန်းတူညီမျှမှုနှင့် တရား မျှတမှုရရှိစေရန်၊ ဥပဒေပြဋ္ဌာန်းချက်များကိုသိရှိပြီး လေးစားလိုက်နာစေရန်၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် အတားအဆီးများကိုဖယ်ရှားစေပြီး အနာဂတ်တိုးတက် မြင့်မားစေရန်အတွက် လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်အမှတ် (၅) ဖြစ်သည့် ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရေးလုပ်ငန်းစဉ်များ၊ ကမ္ဘာ့အမျိုးသမီးညီလာခံနှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းအစီအစဉ်များကို နိုင်ငံတော်၏မူဝါဒနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၆ ခုနှစ် ကမ္ဘာ့လူဦးရေသည် သန်း ၈ ထောင်ကျော်ရှိသည့်အနက် အမျိုးသမီး ဦးရေသည် ၄၉ ဒသမ ၇၄ ရာခိုင်နှုန်းရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာအရ မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ ၅၁ ဒသမ ၄ သန်းရှိပြီး အမျိုးသမီးဦးရေသည် ၅၃ ရာခိုင်နှုန်းရှိပါကြောင်း၊ မြန်မာအမျိုးသမီးများသည် ရှေးအစဉ်အလာကတည်းက အမျိုးသားများနည်းတူ သာတူညီမျှလူ့အခွင့်အရေးများကို ယနေ့အထိ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်ကိုက်ညီစွာ ခံစားနေကြရသည်ကို အားလုံးလည်း သိရှိပြီးဖြစ်ပါကြောင်း၊ ကျား၊ မ တန်းတူညီမျှမှုနှင့် အမျိုးသမီးများအားလုံး စွမ်းပကားမြင့်မားရေး ဆောင်ရွက်ချက်များကို ထိရောက်အောင်မြင်နိုင်ရန် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပုံစံအားလုံးကို အဆုံးသတ်စေရေး လုပ်ငန်းစဉ်များသည်လည်း အဓိကအရေးပါကြောင်း။
အကြမ်းဖက်မှုကြုံတွေ့ရပါက လိုအပ်သည့်ဝန်ဆောင်မှုများ လက်လှမ်းမီရရှိနိုင်ရေးအတွက် သတင်းပို့တိုင်ကြားနိုင်ရန် Helpline ဖုန်း ၁၅၆၆ ဖြင့် ၂၄ နာရီ ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊ မြန်မာအမျိုးသမီးထုကြီးအားလုံး၏ အခွင့်အရေးများ အပြည့်အဝရရှိ ခံစားနိုင်စေရေးနှင့် နိုင်ငံတကာနှင့်ထားရှိသည့် ကတိကဝတ်များ၊ စီမံချက်များကို အကောင်အထည်ဖော်နိုင်ရန် ဝန်ကြီးဌာနအသီးသီးနှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးက ဆောင်ရွက်လျက်ရှိသည့်စီမံကိန်းများအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) ပါနယ်ပယ်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာနှင့် မြန်မာနိုင်ငံ၏ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ မှတ်တမ်းဗီဒီယိုကို ပြသသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားသို့ တက်ရောက်သူများသည် ခင်းကျင်းပြသထားသော အမျိုးသမီးကျောင်းများနှင့် အမျိုးသမီးအဖွဲ့အစည်းများ၏ ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
သတင်းစဉ်
