Skip to main content

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းနှင့်ပတ်သက်၍ အချက်အလက်အသုံးပြုသူများ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် မတ် ၁၀

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်အသုံးပြုသူများ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဗဟိုသန်းခေါင်စာရင်း ကောက်ယူရေးကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဆက်စပ် ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ စစ်တမ်းများနှင့် စာရင်းအင်းဆိုင်ရာ စံသတ်မှတ်ချက်များလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ သန်းခေါင်စာရင်းနှင့်ပတ်သက်သည့် အချက်အလက် အသုံးပြုသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် အလွန်ကျယ်ပြန့်ပြီး လုပ်ငန်းပမာဏကြီးမားရုံသာမက ငွေကုန်ကြေးကျများသည့် လုပ်ငန်းဖြစ်သော်လည်း နိုင်ငံ၏လက်ရှိအခြေအနေနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိကျမှန်ကန်သည့် လူဦးရေဆိုင်ရာ စာရင်းအင်းအချက်အလက်များရရှိရေးအတွက်သာမက နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအရ သန်းခေါင်စာရင်းကို ၁၀ နှစ်တစ်ကြိမ်ကောက်ယူရန် လိုအပ်သည့်အတွက်အခက်အခဲများ၊ စိန်ခေါ်မှုများကြားကပင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သန်းခေါင်စာရင်းက ဖော်ထုတ်ရရှိ သည့်ကဏ္ဍအလိုက် လူဦးရေကို သိရှိခြင်းအားဖြင့် ယင်းကဏ္ဍများနှင့်ပတ်သက်သည့် အစီအမံများကို ရေးဆွဲချမှတ်နိုင်ရေးအတွက် အခြေခံ အရင်းအမြစ်များအဖြစ် ပံ့ပိုးပေးနိုင်မည် ဖြစ်သကဲ့သို့ လိုအပ်သည့် လုပ်သားအင်အား အရင်းအမြစ်များကိုလည်း လေ့ကျင့်မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံစာရင်းအင်း ဆိုင်ရာကဏ္ဍနှင့် နိုင်ငံတကာစာရင်းအင်းကဏ္ဍများအတွက် မိမိနိုင်ငံ၏ အချက်အလက်များ ပံ့ပိုးပေးနိုင်မည်ဖြစ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့် အမျိုးသားညွှန်းကိန်း မူဘောင်များအတွက် ညွှန်းကိန်းများကိုလည်း ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် မကြာမီက ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်ရာတွင်လည်း ယခုသန်းခေါင်စာရင်း၏ လူဦးရေကိန်းဂဏန်းများက အထောက်အကူဖြစ်စေခဲ့ကြောင်း၊ သန်းခေါင်စာရင်းမှရရှိသည့် ကိန်းဂဏန်းအချက်အလက်များကို ဆန်းစစ်လေ့လာသုံးသပ်ပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအသီးသီးမှ ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

မကြာမီကာလတွင် နေပြည်တော်၊ ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးတို့၏ လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များ ပါဝင်သည့် အစီရင်ခံစာများ ထုတ်ပြန်သွားမည်ဖြစ်ပြီး ကျန်ရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ အစီရင်ခံစာများကိုလည်း ဆက်လက် ထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များကိုအခြေခံပြီး နှစ်အလိုက် ခန့်မှန်း လူဦးရေစာရင်းများ ရရှိနိုင်ရန် လူဦးရေ ခန့်မှန်းခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းမှရရှိသည့် အချက်အလက် ရလဒ်များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် မဖြစ်မနေ အခြေခံအသုံးပြုကြမည်ဖြစ်သဖြင့် ယင်းကိန်းဂဏန်း အချက်အလက်များကို စစ်တမ်းနှင့် စာရင်းအင်းရေးဆွဲသူများ၊ အချက်အလက် အသုံးပြုသူများအနေဖြင့် အကျိုးရှိရှိ အသုံးပြုဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးနှင့် တာဝန်ရှိ သူများက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ကောက်ယူဆောင်ရွက်ခဲ့မှု၊ လူဦးရေခန့်မှန်း တွက်ချက်ခြင်းနှင့် သန်းခေါင်စာရင်းမှ ဖော်ထုတ်ရရှိနိုင်သည့် အချက်အလက်များ၊ ယင်းအချက်အလက်များအပေါ် အခြေခံကာ ဆက်လက်ဆောင်ရွက်နိုင်မည့် လုပ်ငန်းအခြေအနေများကို အသေးစိတ် ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်းနှင့် သန်းခေါင်စာရင်းနှင့်ပတ်သက်သည့် ကိန်းဂဏန်း အချက်အလက်များအား အချက်အလက် အသုံးပြုသူများအပြင် အများပြည်သူလေ့လာသိရှိနိုင်ရေးအတွက် ပြည်သူ့အင်အားဦးစီးဌာန၏ Website ဖြစ်သည့် www.dop.gov.mm တွင် ဝင်ရောက်ကြည့်ရှု၍ Download ရယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်