နေပြည်တော် မတ် ၁၁
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။
ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန်စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြသည်။
ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာနများနှင့် နိုင်ငံခြားစာစစ်ဌာနတို့၌ ပထမနေ့ မြန်မာစာဘာသာရပ်အားဖြေဆိုရန် စာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း ၁၀၅ ခရိုင်၊ မြို့နယ်ပေါင်း ၂၆၆ မြို့နယ်၊ စာစစ်ဌာနပေါင်း ၈၈၇ ဌာနတို့၌ ကျောင်းသား ၁၁၂၁၉၁ ဦး၊ ကျောင်းသူ ၁၅၆၅၆၂ ဦး၊ စုစုပေါင်း ၂၆၈၇၅၃ ဦးဖြစ်ပြီး ဖြေဆိုမှုအနေဖြင့် ကျောင်းသား ၁၀၄၂၅၉ ဦး၊ ကျောင်းသူ ၁၅၀၉၆၉ ဦး၊ စုစုပေါင်း ၂၅၅၂၂၈ ဦးဖြစ်သဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ရာခိုင်နှုန်းမှာ ၉၄ ဒသမ ၉၇ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အလားတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမွေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အားဖြေဆိုရန် စာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း ၄၁ ခရိုင်၊ မြို့နယ်ပေါင်း ၅၀ မြို့နယ်၊ စာစစ်ဌာနပေါင်း ၅၃ ဌာနတို့၌ ကျောင်းသား ၂၀၀၅ ဦး၊ ကျောင်းသူ ၁၃၈၁ ဦး၊ စုစုပေါင်း ၃၃၈၆ ဦးဖြစ်ပြီး ဖြေဆိုမှုအနေဖြင့် ကျောင်းသား ၁၉၉၂ ဦး၊ ကျောင်းသူ ၁၃၇၂ ဦး၊ စုစုပေါင်း ၃၃၆၄ ဦးဖြစ်သဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူရာခိုင်နှုန်းမှာ ၉၉ ဒသမ ၃၅ ရာခိုင်နှုန်း ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။
ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုပြီး မတ် ၁၂ ရက် ကြာသပတေးနေ့တွင် အင်္ဂလိပ်စာဘာသာရပ်၊ မတ် ၁၃ ရက် သောကြာနေ့တွင် သင်္ချာဘာသာရပ် မတ် ၁၄ ရက် စနေနေ့တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်၊ မတ် ၁၆ ရက် တနင်္လာနေ့တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်၊ မတ် ၁၇ ရက် အင်္ဂါနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆိုကြရမည်ဖြစ်ပြီး မတ် ၁၅ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရှိရသည်။
အလားတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲများကို ယနေ့ မတ်လ ၁၁ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိပြီး မတ်လ ၁၈ ရက်နေ့အထိ ဆက်လက်ဖြေဆိုကြမည်ဖြစ်ကာ မတ်လ ၁၅ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သတင်းရရှိသည်။
