Skip to main content

လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ်အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ ကျင်းပ

နေပြည်တော် မတ် ၁၈

“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ်အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Hotel Max ၌ ကျင်းပသည်။

ဖွင့်ပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် International Justice Mission- IJM(Myanmar) မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက လူကုန်ကူးခံရသူအဖြစ် စိစစ်သတ်မှတ်ခြင်း၊ လုပ်ငန်းစဉ်မှစ၍ လွှဲပြောင်းလက်ခံခြင်း၊ လက်ခံစောင့်ရှောက်ခြင်း၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းပေးခြင်းနှင့် ပြန်လည်ထူထောင်ပေးခြင်းတို့ကို အစိုးရဌာနများ၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လူကုန်ကူးခံရသူဗဟိုပြုချဉ်းကပ်မှုပုံစံဖြင့် တရားစွဲဆိုရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ တရားစီရင်ရေး စနစ်တွင် လူကုန်ကူးခံရသူများက ပူးပေါင်းဆောင်ရွက်လာစေရန်၊ လူကုန်ကူးမှုများနှင့်စပ်လျဉ်းသည့် တရားစွဲဆိုရေးလုပ်ငန်းစဉ်များ၊ တရားစွဲဆိုရေးလုပ်ငန်းစဉ်အတွင်း ဆောင်ရွက်ပေးရမည့် ကာကွယ်စောင့်ရှောက်မှုအစီအမံများ၊ ဥပဒေနှင့်အညီ ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများကို သိရှိစေရန်စသည့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအပါအဝင် တာဝန်ရှိဌာနအသီးသီးက မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅) နှစ်စီမံကိန်းပါလုပ်ငန်းစီမံချက်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ပေးခြင်းဆိုင်ရာ နိုင်ငံတကာကွန်ဗင်းရှင်းနှင့် သဘောတူစာချုပ်များပါ အခွင့်အရေးကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေနှင့် တရားစီရင်ရေး လုပ်ငန်းစဉ်များအရ ဆောင်ရွက်ရန်နှင့် ရှောင်ကြဉ်ရန်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းမှရရှိသည့် အသိပညာဗဟုသုတများကို လက်တွေ့ လုပ်ငန်းဆောင်ရွက်ရာတွင် ပြန်လည်အသုံးချသွားရန် လိုအပ်ကြောင်း ပြောကြားသည်။

သင်တန်းသို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ သင်တန်းသား သင်တန်းသူ ၃၀ ဖြင့် မတ် ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်ကြာ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်