နေပြည်တော် မတ် ၁၉
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ မကြာမီ ပြန်လည်ထွက်ခွာတော့မည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Noriko Takagiနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ကလျာဏ ဝိဖတ်သိဖွန် ပရတ်ထေ့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ကို ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နှင့်တွေ့ဆုံစဉ် Ms. Noriko Takagi အနေဖြင့် ၎င်းတာဝန်ထမ်းဆောင်စဉ် ကာလအတွင်း မြန်မာနိုင်ငံနှင့် UNHCR တို့အကြား နှစ်ဖက်ပူးပေါင်းဆောင် ရွက်ခဲ့မှုအခြေအနေနှင့် UNHCR မှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ကလျာဏ ဝိဖတ်သိဖွန် ပရတ်ထေ့ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်တွေ့ဆုံစဉ် မြန်မာ - ထိုင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ထို့ပြင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲများသို့ ဒုတိယဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
