Skip to main content

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လဲချားမြို့နယ်တို့ အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသူများအား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၂၀

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှုနှိမ်နင်းရေးလုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်လျက်ရှိသည်။

ထိုသို့ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အွန်လိုင်းလိမ်လည်လောင်းကစားမှုဆောင်ရွက်လျက်ရှိရာ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ တော်ရွက်ရပ်ကွက်နှင့် စွမ်စော်ရပ်ကွက်များအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ အခြေပြုလုပ်ကိုင်လျက်ရှိကြောင်း ဒေသခံတာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် အဆိုပါနေရာများသို့သွားရောက်၍ လိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းနှင့် ရှာဖွေဖော်ထုတ်ခြင်းများကို တစ်ချိန်တည်း တစ်ပြိုင်တည်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ကောင်းမှုတုံရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်လျက်ရှိသည့် တရုတ်နိုင်ငံသား ကျား ၈၅ ဦးကို ဖုန်းမျိုးစုံ ၂၈၆ လုံး၊ ကွန်ပျူတာ ၃၀ လုံး၊ Laptop ၂၈ လုံး၊ အဆောက်အဦ ၁ လုံးတို့နှင့်အတူလည်းကောင်း၊ တော်ရွက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင်အသုံးပြုသည့် ဖုန်းမျိုးစုံ ၄၆ လုံး၊ ကွန်ပျူတာ ၁၈ လုံးတို့ကိုလည်းကောင်း၊ စွမ်စော်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံး အတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင်အသုံးပြုသည့် ဖုန်းမျိုးစုံ ၈၅ လုံး၊ ကွန်ပျူတာ ၁၀ လုံးတို့ကိုလည်းကောင်း အသီးသီးဖော်ထုတ်တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ကောင်းစံကျေးရွာအနီးတစ်ဝိုက်တွင် နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ယနေ့ညနေပိုင်း၌ အဆိုပါကျေးရွာ၏ အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာတွင် အလျား ၁၃၀ ပေ၊ အနံ ၅၀ ပေရှိ အဆောက်အအုံ ၂ လုံး၊ အလျား ၉၀ ပေ၊ အနံ ၃၀ ပေရှိ လူနေအဆောက်အအုံ ၃ လုံး၊ အလျား ၆၀ ပေ၊ အနံ ၃၀ ပေရှိ လူနေအဆောက်အအုံ ၃ လုံး၊ အလျား ၁၅၀ ပေ၊ အနံ ၅၀ ပေရှိ ဂိုဒေါင် ၁ လုံး၊ အလျား ၁၈၀ ပေ၊ အနံ ၆၀ ပေရှိ အဆောက်အအုံ ၁ လုံး၊ Starlink ၁၀ လုံး၊ All in One ကွန်ပျူတာ ၅၅ လုံး၊ Power Station ၁၀ လုံးနှင့် ဆက်စပ်ပစ္စည်းများအား ထပ်မံဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်လျက်ရှိသည့် ဖမ်းဆီးရမိသူများနှင့် သိမ်းဆည်းရမိဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။