Skip to main content

ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်တို့၌ ကျောင်းသားများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေး

နေပြည်တော် မတ် ၂၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် မတ် ၂၀ ရက်က ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး အင်ဂျင်နီယာဘာသာရပ်နှင့် သင်တန်းနှစ်များအလိုက် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေး လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးရန်၊ စာမေးပွဲပြီးချိန်၌ Academic Calendar အတိုင်း လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်သွားရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် အထောက်အကူပြုမည့် အရည်အသွေးပြည့်မီသော မျိုးဆက်သစ်အင်ဂျင်နီယာကောင်းများကို စဉ်ဆက်မပြတ် မွေးထုတ်သွားနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ပင်မဆောင်အနီးဝန်းကျင်တက္ကသိုလ်ဥပဓိရုပ် တင့်တယ်စေရေးဆောင်ရွက်ထားရှိမှုများ၊ စာကြည့်တိုက်တွင် အခန်းအလိုက် စာအုပ်များ ဖြည့်ဆည်းထားရှိမှုနှင့် ကျောင်းသား ကျောင်းသူများ လေ့လာဖတ်ရှုမှုအဆင်ပြေစေရေး ပြင်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ သုတ၊ ရသစာအုပ်များကို ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိကာ စာမေးပွဲခန်းအသီးသီးတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှု များကိုကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နိုင်ငံတော်က အမှန်တကယ်အားထားရသော ထူးချွန်သည့် IT လူငယ်ပညာရှင်များကို စံနှုန်းများ ပြည့်မီစွာ ပျိုးထောင်ပေးနိုင်ရေး၊ ပြည်သူများ၏ ရေရှည်အကျိုးစီးပွားအတွက် AI အပါအဝင် ထွန်းသစ်စ IT နည်းပညာဆန်းသစ်တီထွင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရေး အလေးထားဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ပင်မဆောင်နှင့် တက္ကသိုလ်ဥပဓိရုပ် တင့်တယ်စေရေးဆောင်ရွက်ထားရှိမှုများ၊ စာကြည့်တိုက်တွင် ပြင်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များမှာကြားကာ သုတ၊ ရသ စာအုပ်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်