Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာ့ရိုးရာအတာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲများ ပြုလုပ်

နေပြည်တော် ဧပြီ ၁၃

သင်္ကြန်ဟူသည်မှာ “သင်္ကန္တ” ဆိုသောပါဠိပုဒ်မှ ဆင်းသက်လာပြီး “ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်း" ဟု အနက်အဓိပ္ပါယ်ရကာ နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့သော နှစ်ကူးချိန်ခါမင်္ဂလာအခါသမယတွင် နှစ်ဟောင်းမှအညစ်အကြေးများကင်းပျောက်၍ ကောင်းခြင်းမင်္ဂလာတို့ရောက်ရှိလာစေရန်ရည်သန်၍ ရေစင်ရေသန့်တို့ဖြင့် ပက်ဖျန်းလေ့ရှိကြပြီး ရေသည် အကြားအလပ်မရှိ ပြင်ညီတစ်သားတည်း သဘောရှိသည့်အလျောက် လူတစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ စည်းလုံးညီညွတ်ချစ်ခင်စွာ နေထိုင်ဆက်ဆံစေလိုခြင်းဟူသော သဘောဆောင်သည့်အတွက် နွေရာသီအပူများကို အေးမြစေကြောင်းရေပက်ဖျန်း၍ မြန်မာ့ရိုးရာအတာရေသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံးတွင် ခြိမ့်ခြိမ့်သဲသဲဖြင့် ပျော်ရွှင်စွာဆင်နွှဲလေ့ရှိကြပါသည်။

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ကူးပြောင်းမည့် နှစ်သစ်အခါသမယတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ယဉ်ကျေးသိမ်မွေ့ပြီး အေးချမ်းသာယာသည့် နှစ်သစ်ကူးအတာသင်္ကြန်အဖြစ်ကျင်းပ၍ နှစ်သစ်အတာကူးကြသည်။

ထိုသို့ နှစ်သစ်ကူးအခါသမယဖြစ်သော ယနေ့တွင်ကျရောက်သည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြိုနေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ရေကစားမဏ္ဍပ်ဖွင့်ပွဲများကို ကျင်းပပြုလုပ်ကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် စုပေါင်းအတာရေသဘင်မဏ္ဍပ်၌လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာအတာသင်္ကြန်ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နှစ်ဦးအားမာန် နေဝန်းနီသင်္ကြန်အတာရေးကစားမဏ္ဍပ်အားလည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရွှေနေကြာသင်္ကြန်မဏ္ဍပ်၌လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၊ ခိုလမ်မြို့ဗဟိုမဏ္ဍပ်၊ နမ့်စန်မြို့နယ် ဗဟိုမဏ္ဍပ်နှင့် နမ့်စန်တပ်နယ်ဗဟိုမဏ္ဍပ်တို့၌လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရွှေတြိဂံမိသားစုမဟာ သင်္ကြန်မဏ္ဍပ်၌လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာမဟာ အတာသင်္ကြန်ရေကစားမဏ္ဍပ်၌လည်းကောင်း၊ မြိတ်မြို့ မြန်မာ့ရိုးရာမဟာင်္ကြန်ဗဟိုမဏ္ဍပ်၊ ကမ်းနားလမ်းရှိ လမ်းလျှောက်သင်္ကြန်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ပုလဲရွှေပြည်ရေကစားမဏ္ဍပ်တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ မိသားစုမဟာသင်္ကြန်ရေသဘင်ပွဲတော်မဏ္ဍပ်တို့၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ စစ်တွေမြို့ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် စစ်တွေတပ်နယ်မဟာသင်္ကြန်မဏ္ဍပ်တို့၌လည်းကောင်း၊ မုံရွာမြို့ဗဟိုမဏ္ဍပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်တို့၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နန်းမြို့သူဖျော်ဖြေရေးမဏ္ဍပ်၊ မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် မင်္ဂလာမန္တလေးမဟာသင်္ကြန်မဏ္ဍပ်တို့၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌လည်းကောင်း အသီးသီးပြုလုပ်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် အတာသင်္ကြန်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ယိမ်းအကအလှများဖြင့် ယှဉ်ပြိုင်ကပြဖျော်ဖြေခြင်း၊ စတုဒိသာကျွေးမွေးခြင်းနှင့် ပျော်ရွှင်စွာရေပက်ကစားခြင်းတို့ဖြင့် အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။