Skip to main content

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေ၊ တာချီလိတ်တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဧပြီ ၂၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယနေ့နံနက်ပိုင်းတွင် မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေ၊ တာချီလိတ်တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား မိုင်းဖြတ်မြို့ရှိ နယ်မြေခံတပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်သားများသည် နိုင်ငံတော်ကို ချစ်သောစိတ်၊ တိုင်းပြည်ကို ချစ်သောစိတ်တို့ဖြင့် မိမိဆန္ဒအလျောက် စွန့်လွှတ်စွန့်စားစွာ တာဝန်ထမ်းဆောင်နေသူများဖြစ်ကြောင်း၊ အလားတူ တပ်မတော်သားများ၏ ဇနီးများသည်လည်း ကောင်းတူဆိုးဘက် တာဝန်ကျရာနေရာတွင် ပါရမီဖြည့်ဖက်ကောင်းများအဖြစ် လိုက်ပါနေထိုင်၍ တပ်ရေးတပ်ရာကိစ္စရပ်များတွင် ပူးပေါင်းပါဝင် လုပ်ကိုင်လျက်ရှိကြကြောင်း၊ ထို့အပြင် တပ်မတော်သည် ရဲဘော်စိတ်ကို အခြေခံ၍ တည်ဆောက်ထားကာ အထက်အောက်လေးစားသောစိတ်ဓာတ်၊ ရွယ်တူကို လေးစားသောစိတ်ဓာတ်၊ ငယ်သူကို ညှာတာသောစိတ်ဓာတ်ရှိသည့် ခိုင်မာသော အဖွဲ့အစည်းဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်ချင်းစီမှ အဖွဲ့၊ တပ်စိတ်၊ တပ်စုအဆင့်ဆင့်သည် အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် ပူးပေါင်းလုပ်ကိုင်ခြင်းဖြင့် ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း။

တပ်မတော်သားများအတွက် စောင့်ထိန်းလိုက်နာရမည့် စစ်သည်တော်ကျင့်ဝတ် အပါး ၆၀ ကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ကျင့်ဝတ်များကို လိုက်နာခြင်းဖြင့် အထက်အောက်ဆက်ဆံရေး၊ လုပ်ဖော်ကိုင်ဘက် ဆက်ဆံရေး၊ ပြည်သူလူထုနှင့် ဆက်ဆံရေးများတွင် အဆင်ပြေနိုင်မည်ဖြစ်၍ ကျင့်ဝတ်အပါး ၆၀ ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ စောင့်ထိန်းလိုက်နာရန်လိုအပ်ကြောင်း၊ စည်းကမ်းသည် တပ်မတော်၏အသက်သွေးကြောဖြစ်၍ စည်းကမ်းနှင့်ပတ်သက်၍ အလျော့ပေး၍မရကြောင်း၊ တပ်မတော်တွင် တာဝန်ထမ်းဆောင်မှုမှ စားသောက်နေထိုင်သွားလာမှုများအထိ ထောင့်စုံအောင် သတ်မှတ်ထားသည့် စည်းကမ်းများရှိပြီး အိမ်ထောင်သည်လိုင်းစည်းကမ်း၊ တပ်ပြင်ထွက်ခွင့်စည်းကမ်းစသဖြင့် သတ်မှတ်ထားကာ လိုက်နာကြရန်လိုကြောင်း၊ စည်းကမ်းချိုးဖောက်မှုများနှင့်ပတ်သက်၍ လျစ်လျူရှု၍မရကြောင်း၊ အိမ်ထောင်တစ်ခု၊ အဖွဲ့အစည်းတစ်ခုအတွင်း စည်းကမ်းချိုးဖောက်မှုကို လျစ်လျူရှုခြင်းသည် ၎င်းအိမ်ထောင်နှင့် အဖွဲ့အစည်းအတွင်း ပျက်စီးရာပျက်စီးကြောင်းကို ဖြစ်ပေါ်စေကြောင်း၊ တာဝန်ရှိသူများ၏ ဖာသည့်ဖာသာနေမှုသည် အဖွဲ့အစည်းကို ထိခိုက်စေသည်သာမက ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေနိုင်သဖြင့် စည်းကမ်းနှင့်အညီ ပြုပြင်ဆုံးမရန်လိုကြောင်း၊ သို့ဖြစ်၍ စည်းကမ်းနှင့်ပတ်သက်လာပါက အမိအဖစိတ်ဓာတ်၊ တပ်မှူးကောင်းစိတ်ဓာတ်တို့ဖြင့် မပြတ်သွန်သင်ဆုံးမခြင်းဖြင့် မကောင်းမှုကို တားမြစ်နိုင်ပြီး စည်းကမ်းကောင်းသော တပ်မတော်အဖြစ် အစဉ်ရပ်တည်နိုင်မည်ဖြစ်ကြောင်း။

အထက်ပါ စိတ်ဓာတ်နှင့် စည်းကမ်းကဲ့သို့ အရေးကြီးသောအချက်မှာ သစ္စာရှိမှုပင်ဖြစ်ကြောင်း၊ သစ္စာရှိမှုသည် တပ်မတော်သားတိုင်းအတွက် ဘဝနှင့်သက်ဆိုင်၍ လေးနက်မှုရှိကြောင်း၊ တပ်မတော်သားတို့သည် နိုင်ငံတော်အတွက် အသက်ကိုပင် စွန့်လွှတ်မည်ဟု ကတိသစ္စာပြုထားသူများဖြစ်ကြကြောင်း၊ နိုင်ငံတော်အတွက် သစ္စာရှိစွာ စွန့်လွှတ်စွန့်စားတာဝန်ထမ်းဆောင်သောသူများကိုလည်း ချီးမြှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ သစ္စာရှိမှုဆိုရာတွင်လည်း နိုင်ငံတော်နှင့် တပ်မတော်အပြင် မိမိရဲဘော်ရဲဘက်နှင့် မိသားစုများအပေါ် သစ္စာရှိစွာ အမြဲစောင့်ထိန်းနေရန် အလေးအနက်ထားမှာကြားလိုကြောင်း၊ တစ်ဦးတစ်ယောက်ချင်းစီ၏ သစ္စာရှိစွာ လိုက်နာကျင့်ကြံမှုမှ အဖွဲ့အစည်းအပေါ် သက်ရောက်မှုရှိပြီး စည်းလုံးညီညွတ်မှုကိုလည်း တည်ဆောက်နိုင်မည်ဖြစ်ကြောင်း။

စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်မှု၊ သစ္စာရှိမှုကို အခြေခံ၍ တော်တည့်မှန်ကန်သော ခေါင်းဆောင်မှုပေးခြင်းဖြင့် အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ တပ်မှူးလုပ်သူသည် မှန်ကန်သော အမိန့်ကို ပေးရန်လိုပြီး ၎င်းအမိန့်ကို လိုက်ပါဆောင်ရွက်နိုင်ရန်လည်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်လိုကြောင်း၊ ကောင်းမွန်သော ခေါင်းဆောင်မှုနှင့် စည်းလုံးညီညွတ်မှုရှိသော တပ်ရင်း/ တပ်ဖွဲ့သည် မည်သည့်ကိစ္စကိုမဆို အောင်မြင်အောင်လုပ်ဆောင်နိုင်ကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ခြင်း၊ သစ္စာရှိခြင်း၊ စည်းလုံးခြင်းဟူသော အချက် ၄ ချက်နှင့်ပြည့်စုံခြင်းဖြင့် စွမ်းရည်သုံးရပ် ပြည့်စုံနိုင်မည်ဖြစ်ကြောင်း၊ စွမ်းရည်သုံးရပ်တွင်လည်း တပ်ရင်း/ တပ်ဖွဲ့တိုင်းသည် စစ်ရေးစွမ်းရည်ပြည့်ဝနေရန် အမြဲလေ့ကျင့်နေကြရန်လိုကြောင်း။

လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရန် ကျန်းမာကြံ့ခိုင်မှုသည် အခြေခံလိုအပ်ချက်ဖြစ်ကြောင်း၊ ကျန်းမာရေးကြောင့် မလိုလားအပ်သော ပြုန်းတီးမှုများဖြစ်ပေါ်လျက်ရှိပြီး တပ်မတော်အတွက် ဆုံးရှုံးမှုများ ဖြစ်ပေါ်သကဲ့သို့ မိသားစုများအတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်း၊ ကျန်းမာရေး၊ ပညာရေးနှင့် ဘာသာရေးတို့သည် မိမိကိုယ် တိုင်ကြိုးစားလုပ်ယူရသော ကိစ္စရပ်များဖြစ်ကြောင်း၊ သို့ဖြစ်၍ ကျန်းမာရေးကို ကိုယ်စီဂရုစိုက်ကြရန်နှင့် ကျန်းမာရေးထိခိုက်စေသည့် အပျော်အပါးများကို ရှောင်ကြဉ်ရန် မှာကြားလိုကြောင်း။

ပညာရေးနှင့်ပတ်သက်၍ တပ်မတော်သားများ၏ သား/သမီးအားလုံးကို KG+9 အဆင့်အထိ အနည်းဆုံးတတ်မြောက်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ KG+9 တက်ရောက်အောင်မြင်ပြီးသူများအနေဖြင့်လည်း စက်မှုသိပ္ပံကျောင်းများ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများ၊ မွေးမြူရေးသိပ္ပံကျောင်းများသို့ ဆက်လက် တက်ရောက်နိုင်မည်ဖြစ်သဖြင့် တာဝန်ရှိသူများအနေဖြင့် အခွင့်အလမ်းများရရှိအောင် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းသည် တပ်မတော်နှင့် နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များ ထွက်ပေါ်လာအောင် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း။

တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် ဗဟုသုတရစေသည့် ပြင်ပစာပေများကို ဖတ်ရှုလေ့လာရန်လိုကြောင်း၊ တပ်မတော်မှ ထုတ်ဝေဖြန့်ချိလျက်ရှိသော မဂ္ဂဇင်း၊ ဂျာနယ်များနှင့် သတင်းစာများကို အချိန်မီရရှိအောင် တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ မူးယစ်ဆေးဝါးကိစ္စများနှင့်ပတ်သက်၍ သုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်း လုံးဝမပြုလုပ်ရန်နှင့် မိသားစုဝင်များပါ ကင်းကင်းရှင်းရှင်းရှိစေရေး ကြပ်မတ်သွန်သင်နေရန်လိုကြောင်း၊ အလားတူ လောင်းကစားခြင်းသည်လည်း ဆိုးရွားသောအကျိုးဆက်များကိုဖြစ်ပေါ်စေ၍ မိသားစုနှင့် လုပ်ငန်းတာဝန်များကိုပါ ထိခိုက်စေနိုင်ကြောင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့်ပတ်သက်၍လည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သဘောထား၍ သတင်းရရှိသည်နှင့်တစ်ပြိုင်နက် သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်မီသတင်းပို့ တားဆီးနိုင်ရန်လိုကြောင်း။

တပ်မတော်အနေဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိရေးအတွက် လိုအပ်ချက်များကို အမြဲမပြတ်ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ မိသားစုဝင်များအနေဖြင့်လည်း တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုး/ မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြရေး တိုက်တွန်းလိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိသားစု၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ပြီး သက်သာချောင်ချိမှုဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း။

မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေ၊ တာချီလိတ်ဒေသတို့သည် တိုင်းရင်းသားပြည်သူလူထုအများစု နေထိုင်ရာနယ်မြေများဖြစ်၍ ဒေသခံတိုင်းရင်းသားများနှင့် ထိတွေ့ဆက်ဆံရာတွင် တပ်မတော်သားပီသစွာ ကျင့်ဝတ်နှင့်အညီ ပြုမူပြောဆိုရန်နှင့် ဒေသအလိုက် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာခဲ့ပါကလည်း အထက်အမိန့်မစောင့်ဘဲ ထိရောက်သော ကူညီမှုများ ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူလူထု၏ ယုံကြည်လေးစားမှုကိုရရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် ပြောကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကိုမေးမြန်းကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများနှင့် ချီးမြှင့်ငွေများကို ပေးအပ်ရာ တပ်နယ်မှူးကလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက တပ်နယ်များရှိ မိခင်နှင့်ကလေးစောင်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တပ်နယ်မှူး၏ဇနီးက လည်းကောင်း အသီးသီးလက်ခံရယူကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုင်းဖြတ်တပ်နယ်အတွင်းရှိ တပ်ရင်း/ တပ်ဖွဲ့များအား မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။