နေပြည်တော် ဧပြီ ၂၉
အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်နေသည့် ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်၍ အွန်လိုင်းစနစ်ဖြင့် ယနေ့တွင် ကျင်းပသည့် အရှေ့အလယ်ပိုင်းဒေသ၏ နောက်ဆုံးအခြေအနေ များနှင့်ပတ်သက်သည့် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အထူးအစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။
အစည်းအဝေးသို့ အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ၊ အဆင့်မြင့်အရာရှိများ၊ အာဆီယံစားရေရိက္ခာ ဖူလုံရေးသတင်းအချက်အလက်စနစ် အတွင်းရေးမှူးရုံးနှင့် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာထားရှိရေး အတွင်းရေးမှူးရုံးတို့မှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အရှေ့အလယ် ပိုင်းဒေသ၏ လက်ရှိပဋိပက္ခများကြောင့် ဖြစ်ပေါ်လာနိုင်သည့် စားရေရိက္ခာဖူလုံမှုနှင့် စွမ်းအင်လုံခြုံမှုဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေး အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ မြန်မာနိုင်ငံအနေဖြင့် လက်ရှိနွေရာသီစိုက်ပျိုးထုတ်လုပ်မှုတွင် ယခင်လက်ကျန် စက်သုံးဆီနှင့် ဓာတ်မြေဩဇာများ အသုံးပြုဆောင်ရွက်နေရာ ထုတ်လုပ်မှုကို များစွာမထိခိုက်နိုင်သေးသော်လည်း လာမည့် မိုးရာသီစိုက်ပျိုး ထုတ်လုပ်မှုတွင် စက်သုံးဆီနှင့် ဓာတ်မြေဩဇာအခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ အဆိုပါစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် မြန်မာနိုင်ငံအနေဖြင့် စက်မှုလယ်ယာသုံးဆီများကို အရန် အဖြစ်ထားရှိကာ အမှန်စိုက်တောင်သူများကို သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးရေးနှင့် အာဆီယံဒေသတွင်း နိုင်ငံများမှ စက်သုံးဆီ ကူညီပံ့ပိုးမှုရယူ၍ ရိတ်သိမ်းခြွေလှေ့စက်များ အသုံးချနိုင်ရေးစီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာ လိုအပ်ချက်အတွက် အာဆီယံနိုင်ငံများအကြား မျှတစွာခွဲဝေပံ့ပိုးနိုင်ရေးနှင့် အော်ဂဲနစ်သဘာဝမြေဩဇာများ အစားထိုးအသုံးပြုနိုင်ရေး နည်းပညာဖြန့်ဖြူးမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း။
ဒေသတွင်းစားရေရိက္ခာ ဖူလုံမှုကို ပိုမိုခိုင်မာစေရေး အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန်ရိက္ခာစနစ်ကို မြှင့်တင်ရန်၊ သတင်းအချက်အလက်စနစ်မှ တစ်ဆင့် အချက်အလက်မျှဝေရန်နှင့် အာဆီယံကုန်စည် ကုန်သွယ်ရေးသဘောတူညီချက်အရ ပွင့်လင်းသော ကုန်သွယ်မှုကို ဖော်ဆောင်ရန်အချက်များကို မြန်မာနိုင်ငံက ထောက်ခံပါကြောင်း၊ မိမိတစ်နိုင်ငံတည်း အတွက်သာမက အာဆီယံအသိုက်အဝန်း တစ်ခုလုံး စားရေရိက္ခာဖူလုံစေရေး အတွက် အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ပြီး အာဆီယံနိုင်ငံများအနေဖြင့် အာဆီယံစိတ်ဓာတ်ဖြင့် အပြန်အလှန် ပူးပေါင်းကူညီဆောင်ရွက်ကြရန် လိုအပ်ကြောင်း အလေးအနက်ထား ပြောကြားသည်။
အစည်းအဝေးတွင် အရှေ့အလယ်ပိုင်းဒေသ၌ ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် စပ်လျဉ်း၍ ဧပြီ ၂၃ ရက်တွင် ကျင်းပခဲ့သည့် အဆင့်မြင့်အရာရှိများ အထူးအစည်းအဝေး၏ အစီရင်ခံစာကို တင်ပြဆွေးနွေးခြင်း၊ အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အထူးအစည်းအဝေး၏ ပူးတွဲသတင်းထုတ်ပြန်ချက်ကို အတည်ပြုခြင်းများ ဆောင်ရွက်ကြပြီး ဖိလစ်ပိုင်နိုင်ငံမှ သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အာဆီယံစားရေရိက္ခာဖူလုံမှု၊ မြေဩဇာရရှိရေး ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းတုံ့ပြန်မှုများ နှင့်စပ်လျဉ်း၍ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဝန်ကြီးများက အမြင်ချင်း ဖလှယ်ဆွေးနွေးခြင်း၊ လက်ရှိစားရေရိက္ခာ ဖူလုံမှုအခြေအနေ၊ ကြိုတင်ပြင်ဆင်ထားရှိမှု၊ လက်ရှိဆောင်ရွက်နေသော နည်းလမ်းများ၊ မူဝါဒလုပ်ငန်းစဉ်များနှင့် မဟာဗျူဟာကျသော တုံ့ပြန်မှုများကို ဆွေးနွေးရန် ရည်ရွယ်၍ အစည်းအဝေးကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
