Skip to main content

ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား/ သင်တန်းသူများ၊ နည်းပြ/ အုပ်ချုပ်သူများ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ တန်ခိုးကြီးဘုရား၊ စေတီပုထိုးများသို့ သွားရောက်၍ ကဆုန်ညောင်ရေသွန်းလောင်း

နေပြည်တော် ဧပြီ ၃၀

ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်း ပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော် (ရေ) က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော် (လေ) က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း ဖွင့်ပွဲများကို ဧပြီ ၂၇ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ထိုသို့ လေ့ကျင့်သင်ကြားလျက်ရှိသည့် ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား/သင်တန်းသူများနှင့် နည်းပြ/ အုပ်ချုပ်သူများသည် ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန် လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲနေ့တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ တန်ခိုးကြီးဘုရား၊ စေတီပုထိုးများသို့ သွားရောက်ပြီး မဟာဗောဓိညောင်ပင်အား ရေသွန်းလောင်းပူဇော်ခြင်း၊ ပန်း၊ ရေချမ်းကပ်လှူခြင်း၊ စေတီတော်ရင်ပြင်များတွင် သန့်ရှင်းရေး ဆောင်ရွက်ကုသိုလ်ပြုခြင်းများ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။