နေပြည်တော် မေ ၈
မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာနယ်မြေများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်းမရှိစေရန်နှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် နယ်မြေရှင်းလင်းခြင်းနှင့် ရှာဖွေဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) လဲချားမြို့နယ် ဆီးဆောကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၆၈၀၀ ခန့်အကွာသို့အရောက်၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၁၃ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီးငါးဦး စုစုပေါင်း ၁၈ ဦးတို့အား အလျားပေ ၁၂၀ အနံ ပေ ၃၀ ရှိ လူနေတဲ နှစ်လုံး၊ အလျားပေ ၁၂၀ အနံပေ ၃၀ ရှိ လုပ်ငန်းသုံးတဲတစ်လုံး၊ အလျားပေ ၈၀ အနံ ပေ ၃၀ ရှိ မီးဖိုချောင်တစ်လုံး၊ All In One နှစ်လုံး၊ မီးစက်အလတ်တစ်လုံး၊ ပါဝါစတေရှင်(အကြီး) နှစ်လုံးနှင့် ဖျက်ဆီးထားသည့် ဖုန်းမျိုးစုံ အလုံး ၉၀ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ လုံခြုံရေးပူးပေါင်းအဖွဲ့များသည် နယ်မြေရှင်းလင်းခြင်းနှင့် ရှာဖွေဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ဆီးဆောကျေးရွာ၏ အရှေ့တောင်ဘက်မီတာ ၆၀၀၀ ခန့်အကွာသို့အရောက်၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသားအမျိုးသား ၁၂ ဦးတို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။
အလားတူ ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ် ကျိုင်းတောင်းမြို့၏ တောင်ဘက်မီတာ ၁၂၀၀၀ ခန့်အကွာ မိုင်းပန်-ကျိုင်းတောင်းသွား ကားလမ်းအနီး၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသားခြောက်ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့် အညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
