Skip to main content

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များမှ အဖွဲ့ဝင် ၁၄၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ စနစ်တကျလွှဲပြောင်းအပ်နှံ

နေပြည်တော် မေ ၁၅

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်အမျိုးသား ၁၃၃ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၁၄၆ ဦးတို့သည် ဥပဒေ‌ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။

အဆိုပါဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေဆိုင်ရာပုဒ်မများအား အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့် အတူပါရှိလာသည့် လက်လုပ်ပစ္စတိုသေနတ်ငါးလက်၊ မောင်းပြန်ရိုင်ဖယ်သေနတ် ခြောက်လက်နှင့် စကားပြောစက်နှစ်လုံးတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်လုပ်ပစ္စတို သေနတ်ငါးလက်အတွက် ငွေကျပ် ၂၅ သိန်း၊ မောင်းပြန်ရိုင်ဖယ် သေနတ်ခြောက်လက်အတွက် ငွေကျပ်သိန်း ၃၀၀၊ စကားပြော စက်နှစ်လုံးအတွက် ငွေကျပ် လေးသိန်းနှင့် အလင်းဝင်ရောက်လာသူများအတွက် ငွေကျပ် ၁၉ သိန်း စုစုပေါင်း ငွေကျပ် ၃၄၈ သိန်းနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများက လက်ခံရယူကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျပြန်လည် လွှဲပြောင်းအပ်နှံပေးကြသည်။

အလားတူ ပစ္စတိုသေနတ်တစ်လက်၊ မောင်းပြန်ရိုင်ဖယ် သေနတ်ကိုးလက်၊ လက်ပစ်ဗုံး ၇၁ လုံးနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် အမျိုးသား ၆၁ ဦးနှင့် အမျိုးသမီးငါးဦး စုစုပေါင်း ၆၆ ဦးတို့အား စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ အောင်စစ်သည်ခန်းမ၌လည်းကောင်း၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၁၇ လက်၊ လက်ပစ်ဗုံးနှစ်လုံး၊ မိုင်းတစ်လုံးတို့နှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် အမျိုးသား ၄၀ နှင့် အမျိုးသမီးသုံးဦး စုစုပေါင်း ၄၃ ဦးအား ကလေးမြို့ရှိ အောင်ဆန်းခန်းမ၌လည်းကောင်း၊ လက်ပစ်ဗုံးတစ်လုံးနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း ၁၈ ဦးတို့အား ရွှေဘိုမြို့ရှိ အောင်ဇေယျခန်းမ၌လည်းကောင်း မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ကျင်းပပြုလုပ်ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

အဆိုပါဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ပစ္စတိုသေနတ်တစ်လက်အတွက် ဆုကြေးငွေကျပ် ငါးသိန်း၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၂၆ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၁၃၀၀၊ လက်ပစ်ဗုံး ၇၄ လုံး အတွက် ဆုကြေးငွေကျပ် ၂၂၂ သိန်း၊ မိုင်းတစ်လုံးအတွက် ဆုကြေးငွေကျပ် သုံးသိန်းနှင့် အလင်းဝင်ရောက်လာသူများအတွက် ငွေကျပ် ၁၂၇ သိန်း၊ စုစုပေါင်းငွေကျပ် ၁၆၅၇ သိန်းနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ကြရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများက လက်ခံရယူကြသည်။

ယနေ့အခမ်းအနားများတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်မှ အမျိုးသားတစ်ဦး၊ ဆားလင်းကြီးမြို့နယ်မှ အမျိုးသားတစ်ဦး၊ ပုလဲမြို့နယ်မှ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး တစ်ဦး၊ မုံရွာမြို့နယ်မှ အမျိုးသား သုံးဦး၊ မြင်းမူမြို့နယ်မှ အမျိုးသမီး နှစ်ဦး၊ ဟုမ္မလင်းမြို့နယ်မှ အမျိုးသား ငါးဦး၊ အမျိုးသမီး တစ်ဦး၊ တမူးမြို့နယ်မှ အမျိုးသား နှစ်ဦး၊ ကလေးမြို့နယ်မှ အမျိုးသား ၃၃ ဦး၊ အမျိုးသမီး နှစ်ဦး၊ စစ်ကိုင်း မြို့နယ်မှ အမျိုးသား ၅၆ ဦး၊ အမျိုးသမီး ငါးဦး၊ ထီးချိုင့်မြို့နယ်မှ အမျိုးသား လေးဦး၊ ကသာမြို့နယ်မှ အမျိုးသားတစ်ဦးနှင့် ရွှေဘို မြို့နယ်မှ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး နှစ်ဦး ပေါင်း ၁၄၆ ဦးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဥပဒေဘောင်အတွင်း သို့ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင်အများစုသည် မိသားစုဝင်ဆွေမျိုးများအား ခြိမ်းခြောက်အကျပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက်အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး၍ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

၁။ ကျွန်တော်အကြမ်းဖက်အဖွဲ့အစည်းထဲကို ရောက်ရှိခဲ့တဲ့ အကြောင်းရင်းကတော့ ကျွန်တော့်သူငယ်ချင်းတွေ စည်းရုံးလို့ အကြမ်းဖက်အဖွဲ့ထဲကို ရောက်ရှိခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းထဲကို ရောက်ရှိပြီးတော့ ၄ ရက်၊ ၅ ရက်လောက်နေတော့ မူဆယ်ဘက်မှာ သင်တန်းတက်ခဲ့ပါတယ်။ သင်တန်းတက်ပြီးတော့ ကျွန်တော်သင်ကြားခဲ့ရတာတွေက လက်နက်ဖြုတ်တပ်တွေ၊ မိုင်းထောင်၊ မိုင်းခွဲနည်းတွေ သင်ကြားပေးပါတယ်။ သင်တန်းပြီးတော့ ကျွန်တော်တာဝန်ကျတာကတော့ ကင်းစောင့်၊ ထမင်းချက်တာဝန်ယူခဲ့ရပါတယ်။ သူတို့တွေ ဂိတ်ထိုင်လို့ရတဲ့ ပိုက်ဆံတွေ၊ ရွာတွေက ဆက်ကြေးကောက်ရတဲ့ ပိုက်ဆံတွေနဲ့ သူတို့တွေက ကောင်းကောင်းမွန်မွန်နေထိုင်ကြပါတယ်။ ကျွန်တော်တို့တွေကြတော့ ဟင်းကောင်းစားချင်ရင်တောင် မိဘဆီကပြန်တောင်းခဲ့ရပါတယ်။ ကြာလာတော့ ကျွန်တော်တို့လည်း စိတ်ပျက်လာပြီး အလင်းဝင်ဖို့ကို ရည်ရွယ်လိုက်တယ်။ သူတို့ကပြောတာတော့ အလင်းဝင်ရင်သတ်ဖြတ်မယ်၊ ထောင်ချမယ်ဆိုပြီး ပြောကြတယ်။ တကယ်တမ်းဝင်ကြည့်တော့ သူတို့ပြောတာတွေနဲ့ တခြားစီပဲ။ ​တကယ်ဒီကိုအလင်းဝင်လိုက်တော့ ကျွန်တော်လည်း လူငယ်ပဲဗျာ၊ ကျွန်တော့်အနာဂတ်တွေ ရှိသေးတယ်၊ ကျွန်တော်လည်းတောထဲမှာပဲ အချိန်တွေအကုန်မခံချင်ဘူး။ အဲ့ဒါကြောင့်မို့ ကျွန်တော်အလင်းဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ တကယ်အလင်းဝင်လိုက်တော့လည်း သူတို့က လက်ဖျားနဲ့တောင် မထိဘဲ နွေးနွေးထွေးထွေးကြိုဆိုပါတယ်။ နေစရာနဲ့ စားစရာအကုန်စီစဉ်ပေးပါတယ်။ ဒီအခမ်းအနားပြီးရင် ကျွန်တော့်ကို မိဘတွေဆီပြန်ပို့မယ်ဆိုတာလည်း မှန်သွားပါပြီ။ ကျွန်တော်ပြန်ရောက်ရင်လည်း ယခင်လုပ်ခဲ့တဲ့ လုပ်ငန်းကိုပဲ ပြန်လုပ်မှာပါ။ တောထဲမှာ ကျန်ခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေကိုလည်း အမြန်ဆုံးအလင်းဝင်ကြပါလို့ ဒီနေရာကနေ ဖိတ်ခေါ်အပ်ပါတယ်။

၂။ ကျွန်တော်တို့ ရွာဘက်မှာ အကြမ်းဖက် PDF အဖွဲ့ထဲကို ဝင်ဖို့အတွက် လူအင်အားလိုအပ်လို့ မဖြစ်မနေဝင်ရမယ်ဆိုပြီး ခြိမ်းခြောက်လို့ ကျွန်တော်တို့ဝင်ခဲ့ရတာပါ။ မဝင်ရင်လည်း သတ်ခံရမှာစိုးလို့ပါဗျာ။ သင်တန်းတက်တဲ့အချိန်မှာတော့ ကျွန်တော်တို့ လက်နက်ငယ်နဲ့ မိုင်းထောင်နည်း၊ မိုင်းလုပ်နည်းတွေကို သင်ပေးပါတယ်။ သင်တန်းကနေဆင်းပြီး ပြန်လာတဲ့အချိန်မှာ ကျွန်တော်တို့ ကင်းစောင့်တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ ကျွန်တော်ဒီအကြမ်းဖက် PDF အဖွဲ့ထဲမှာ ရောက်ရှိနေတဲ့အချိန်မှာတော့ သူတို့မကျေနပ်တဲ့ ရွာတွေဆိုရင်လည်း မီးရှို့ပါတယ်။ မိန်းကလေးတွေဆိုရင်လည်း အပျိုအအိုမရှောင်ပါဘူး။ သူတို့ သဘောကျတယ်ဆိုရင် မုဒိမ်းကျင့်သတ်ပါတယ်။ လူကြီးတွေကိုလည်း ဖမ်းဆီးရိုက်နှက်ပါတယ်။ ရွာတွေကိုလည်း ဆက်ကြေးကောက်ပါတယ်။ အခုကျွန်တော်အလင်းဝင်ဖို့ စဉ်းစားခဲ့တာက ကျွန်တော့်လုပ်ရပ်တွေ မှားနေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ မိသားစုနဲ့လည်း အကြာကြီးဝေးကွာနေရတော့ ကိုယ့်မိသားစုနဲ့ကိုယ် ပျော်ပျော်ရွှင်ရွှင်နေထိုင်ချင်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ဘဝကို ကိုယ်မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေပြီးတော့ ကောင်းကောင်းမွန်မွန်လုပ်ကိုင်စားသောက်ချင်လို့ ကျွန်တော်တို့ အလင်းဝင်လာခြင်းဖြစ်ပါတယ်။ ကျွန်တော်အလင်းဝင်လာတဲ့အချိန်မှာတော့ နည်းနည်းတော့ စိုးရိမ်မိပါတယ်။ အဆင်ပြေပါ့မလားလို့။ ဒါပေမယ့် ကျွန်တော့်အထင်နဲ့ တခြားစီဖြစ်နေပြီး နွေးနွေးထွေးထွေ်ကြိုဆိုပြီး ထောက်ပံ့မှုတွေလုပ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်ဒီကနေပြန်ရင်တော့ မိဘထံအပ်ပေးတဲ့အချိန်မှာ ကျွန်တော့်မိဘတွေနဲ့ ကောင်ကောင်းမွန်မွန် အလုပ်တစ်ခုကိုလုပ်ပြီး နေထိုင်သွားတော့မှာပါ။ ဒါကြောင့် အကြမ်းဖက် PDF အဖွဲ့ထဲမှာ အခွင့်မသာလို့ အလင်းဝင်ရောက်ချင်တဲ့ ညီအစ်ကိုမောင်နှမတွေကိုလည်း ဒီနေရာကနေပြောချင်ပါတယ်။ သတင်းအမှားတွေကို နားမယောင်ဖို့နဲ့ ငါတို့တွေ အလင်းဝင်လာတဲ့အချိန်မှာ နွေးနွေးထွေးထွေးကြိုဆိုပြီးတော့ ထောက်ပံ့မှုတွေ လုပ်ပေးတယ်ဆိုတာ ငါတို့ကိုယ်တွေ့ပါပဲ။ ဒါကြောင့် အမြန်ဆုံးအလင်းဝင်ဖို့ ဒီနေရာကနေဖိတ်ခေါ်ချင်ပါတယ်။

သတင်းစဉ်