နေပြည်တော် မေ ၁၆
တပ်မတော် (ရေ) က ၂၀၂၆ ခုနှစ် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၆) စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူ ၈၀၀ တို့သည် ရန်ကုန်မြို့ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်၌ စခန်းပေါင်းစုံတွေ့ဆုံပွဲပြုလုပ်ကြသည်။
ထို့နောက် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများ၏ စခန်းပေါင်းစုံပြိုင်ပွဲများကို နယ်မြေခံရေတပ်စခန်းဌာနချုပ် သီဟသူရ ထွန်းတင်ခန်းမ၊ စစ်ရေးပြကွင်းနှင့် အမှတ် (၄) ရေတပ်ဗောတံတားတို့၌ပြုလုပ်ရာ တပ်မတော်အရာရှိကြီးများ၊ သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းအုပ်ချုပ်သူများတက်ရောက်ကြသည်။ ပြိုင်ပွဲတွင် နေပြည်တော်စခန်းတန်းခွဲ (၁)၊ နေပြည်တော်စခန်းတန်းခွဲ (၂)၊ ပုသိမ်စခန်း၊ ဟိုင်းကြီးစခန်း၊ အင်းယားစခန်း၊ ကိုကိုးကျွန်းစခန်း၊ မန္တလေးစခန်း၊ မော်လမြိုင်စခန်း၊ ဟိန်းဇဲစခန်း၊ မြိတ်စခန်း၊ ကျွန်းစုစခန်း၊ ဘားအံစခန်းနှင့် ကျိုင်းတုံစခန်းတို့မှ သင်တန်းသား၊ သင်တန်းသူများက သင်တန်းအလိုက် စစ်ရေးပြပြိုင်ပွဲများ၊ ရေတပ်သားဘာသာရပ်ဆိုင်ရာ ရေး/ဖြေစာမေးပွဲ၊ ကြိုးချည်ကြိုးထိုးလက်တွေ့ပြိုင်ပွဲ၊ ရေတိုင်းခြင်းလက်တွေ့ပြိုင်ပွဲနှင့် ပဲ့စင်တပ်ဖွဲ့ တာဝန်ဖွဲ့စည်းဆောင်ရွက်မှု လက်တွေ့ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
