နေပြည်တော် နိုဝင်ဘာ ၂၅
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေးကို ရခိုင် ပြည်နယ် မောင်တောမြို့ အမှတ်(၁) လူဝင်/ထွက် စစ်ဆေး ရေးစခန်း (POE)၌ ယနေ့ နံနက် ၁၁ နာရီခွဲတွင် ကျင်းပ သည်။
အဆိုပါ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ များ၏ တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၄) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ခွဲမှူး ဒုတိယ ရဲမှူးကြီး ဇော်လင်းအောင် ဦးဆောင်သော ကိုယ်စားလှယ် ခုနစ်ဦးနှင့် အမှတ်(၂) ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်(တက္ကနာ့ဖ်)မှ တပ်ရင်းမှူး Lt.Col. Mohammad Faisal Hasan Khan ဦးဆောင်သော ကိုယ်စားလှယ် ၁၀ ဦး ပါဝင်သောအဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က နှစ်နိုင်ငံနယ်နိမိတ် မြန်မာနိုင်ငံဘက်မှ ခြံစည်းရိုးကာရံမှုတွင် နယ်ခြားမှတ်တိုင် ၆၅ နှင့် ၆၆ တို့ နှင့် ပတ်သက်၍ မိမိနယ်မြေအတွင်း၌သာ ကာရံထားသည့် အခြေအနေကိုလည်းကောင်း၊ ARSA အကြမ်းဖက်အုပ်စု သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် အခြေပြုလှုပ်ရှား၍ မြန်မာ့လုံခြုံရေးအဖွဲ့များအား အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်နေမှုအခြေအနေ၊ ARSA အကြမ်းဖက်အုပ်စု၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင်
မောင်တောမြို့နယ် လိပ်ရကျေးရွာအနီး အရပ်သားပိုင် မော်တော်ယာဉ်တစ်စီး မိုင်းထိ၍ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ သုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့မှု အခြေအနေတို့ကို Video Clip နှင့် ဓာတ်ပုံများပြသ၍လည်းကောင်း ဆွေးနွေးခဲ့ပြီး နယ်စပ် ခြံစည်းရိုးအနီး လာရောက်ပစ်ခတ်မှုများ၊ မိုင်းထောင်သည့်ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ဖလှယ်ဆွေးနွေးခဲ့သည်။
ဆက်လက်ဆွေးနွေးရာတွင် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင်နက်ကို အသုံးပြုတိုက်ခိုက်နေသည့် ARSA အကြမ်းဖက်အုပ်စုအား နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရှင်းလင်းချေမှုန်းနိုင်ရေး၊ နယ်စပ်တွင် ထူးခြားဖြစ်စဉ် ဖြစ်ပေါ်မှုများနှင့် အပြစ်မဲ့ပြည်သူများကို ခြိမ်းခြောက်ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်းတို့မှ ကာကွယ်တားဆီးနိုင်ရေးအတွက် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ပေးပို့ရေး၊ ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကိုးဦးသည် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ငါးဖမ်းစက်လှေဖြင့် တရားမဝင် ဝင်ရောက်လာမှုကို နှစ်နိုင်ငံ သဘောတူစာချုပ်များနှင့်အညီ လူသားချင်းစာနာထောက်ထားမှု၊ အပြစ်မဲ့ပြည်သူ များဖြစ်၍ လူ့အခွင့်အရေးဆိုင်ရာများအား လေးစားလိုက်နာသောအားဖြင့် စနစ်တကျ ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း ဆွေးနွေးပြီး ၎င်းတို့ ကိုးဦးနှင့်အတူ ဖမ်းဆီးရမိ လှေများ/ပါရှိ ပစ္စည်းများကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ဆွေးနွေးရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကိုးဦး ပြန်လည်လွှဲပြောင်းပေးမှုကို ကျေးဇူးတင်ပါကြောင်း၊ ၎င်းတို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်အနေဖြင့်လည်း နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့တွင် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အကြမ်းဖက်သတင်းများရရှိက ဖလှယ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာဘက်မှ ဆွေးနွေးပြောကြားချက်များကို အထက်တာဝန်ရှိသူများထံ ဆက်လက်တင်ပြမည်ဖြစ် ကြောင်း ပြန်လည်ဆွေးနွေးပြောကြားခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲတွင် တွေ့ဆုံပွဲပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်