Skip to main content

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ

ပဲခူး    နိုဝင်ဘာ ၂၆


ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ နိုဝင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ စုပေါင်းမဟာဘုံကထိန်ပွဲအခမ်းအနားကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး တိုင်းဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာန နာယက ဆရာတော် (အဂ္ဂမဟာ ပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ) ဘဒ္ဒန္တဂန္ဓမာထံမှ ငါးပါးသီလနှင့် ကထိန်နုမောဒနာတရားနာကြားကာ ဆရာတော်သံဃာတော် အရှင်သူမြတ် များက မေတ္တာသုတ် ပရိတ် တရားတော်များ ရွတ်ပွားသဇ္စျာယ်တော်မူကြသည်။
ထို့နောက် တိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းက ပဲခူးမြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဆရာတော်အား ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ စာရင်းစစ်ချုပ် ဒေါ်သန်းသန်းဝင်း၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် ဌာနဆိုင်ရာများက ဆရာတော်ကြီး များအား သင်္ကန်းနှင့်လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတမ်းပေးဝေပြီး ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပပြုလုပ်ရာတွင် ပဲခူးမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းအတွက် နှစ်စဉ်စုပေါင်း မဟာဘုံကထိန်ခင်းခြင်း အပြင် ပင့်သံဃာ (၂၉)ပါးကိုလည်း ဌာနဆိုင်ရာအသီးသီးမှ လှူဒါန်းထားသော ပစ္စည်းနှင့် ငွေပဒေသာပင်များကို မဲဖေါက်၍ ဆက်ကပ်လှူဒါန်းကြခြင်းဖြစ်ပြီး ယနေ့လှူဒါန်းမှုသည် ငွေကျပ် (၂၂,၀၂၉,၇၅ဝိ/) လှူဒါန်းနိုင်ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)