Skip to main content

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် “ရန်ကုန်တက္ကသိုလ် မြကျွန်းညို” ရောင်စုံဓာတ်ပုံ၊ ပန်းချီ၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုနှင့် ကာတွန်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၆

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် “ရန်ကုန်တက္ကသိုလ် မြကျွန်းညို” ရောင်စုံဓာတ်ပုံ၊ ပန်းချီ၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုနှင့် ကာတွန်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ရုပ်ရှင်အနုပညာရပ်ဝန်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း က “ရန်ကုန် တက္ကသိုလ်က ၁၉၂၀ ဒီဇင်ဘာ ၁ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်အဖြစ် စတင်ဖြစ်တည်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ နှစ် ၁၀၀ ပြည့်မှာ  ဖြစ်ပါတယ်။       ရန်ကုန် တက္ကသိုလ်ရဲ့ ရာပြည့်သဘင်ကျင်းပရေး အဓိကဦးတည်ချက်က တက္ကသိုလ်ရဲ့ အစဉ် အလာကို စဉ်ဆက်မပြတ် ထိန်းသိမ်းပြီး  ဆက်လက် တိုးတက်အောင်၊ ရေရှည်တည်တံ့ ခိုင်မြဲအောင် အဆင့်မြှင့်တင်သွားဖို့ ဆောင်ရွက် ကြိုးပမ်းခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် မြကျွန်းညို  ရောင်စုံဓာတ်ပုံ၊  ဆောင်းပါး၊ ပန်းချီ၊ ဝတ္ထု၊ ကဗျာ၊ ကာတွန်းပြိုင်ပွဲတွေကို ရန်ကုန်တက္ကသိုလ်ရဲ့ဖြစ်တည်မှု၊ ရန်ကုန် တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာ၊ တက္ကသိုလ်ကြီးရဲ့ ကြီးမားတဲ့ အစဉ်အလာတွေကို သုတရသစုံလင်စွာနဲ့ မှတ်တမ်းတင် ထားတာတွေကို ပြန်လည်ဖော်ထုတ်ပြီး မျိုးဆက်ဟောင်းတွေအနေနဲ့ ပြန်လည်  တမ်းတအမှတ်ရပြီး မျိုးဆက်သစ်တွေ အနေနဲ့ လည်း ပြိုင်ပွဲကရရှိတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ဂုဏ်သိက္ခာတွေ၊ အစဉ်အလာတွေကို သိရှိနားလည်စေဖို့ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ ဒီပြိုင်ပွဲတွေကို  ဖြစ်မြောက်အောင်စီစဉ်ပေးတဲ့  ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူ တွေကိုလည်း  ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

ထို့နောက် ပြပွဲ ပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ  ရန်ကုန်စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ်  ဒေါက်တာတင်ဝင်းက အမှာစကားပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်၊ ပြပွဲ ပြိုင်ပွဲကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် “ရန်ကုန်တက္ကသိုလ် မြကျွန်းညို” ရောင်စုံဓာတ်ပုံ၊ ပန်းချီ၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုနှင့် ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများကို  ပေးအပ်  ချီးမြှင့်ကြသည်။

ယင်းနောက် ဆုရရှိသူများကိုယ်စား ဦးမင်းသိန်းမွန်(အောင်ဟိတ်)က ကျေးဇူးတင်  စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

(သတင်းစဉ်)