နေပြည်တော် မေ ၂၄
၂၀၂၆ ခုနှစ် (၁၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ် ယောဂသရုပ်ပြစုပေါင်းလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဥယျာဉ်တော်အတွင်း ရေပန်းရင်ပြင်၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကားပြောကြားပြီး စုပေါင်းပါဝင်လေ့ကျင့်ခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတ ဦးညိုစောက မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ချစ်ခင်ရင်းနှီးသော ဆက်ဆံရေးကို အခြေပြု၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အကြီးအကဲ၏ ခွင့်ပြုမှုနှင့် အိန္ဒိယသံရုံး၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံ၌ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင် အပြည်ပြည်ဆိုင်ရာယောဂနေ့အခမ်းအနားများကို မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ယခုနှစ်တွင် ယခင်နှစ်များကဲ့သို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပရိဝုဏ်တွင် အောင်မြင်ပြည့်စုံစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ယခု ၂၀၂၆ ခုနှစ် ယောဂနေ့အစီအစဉ်၏ ဆောင်ပုဒ်မှာ“ကျန်းမာသုခ၊ ဉာဏ်ပညာနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ယောဂ” (Yoga for Wellness, Wisdom, and World Peace) ဖြစ်ကြောင်း သိရှိရပြီး စစ်မှန်သော ကျန်းမာသုခ၏ အဓိပ္ပာယ်မှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုသာမက စိတ်ကြည်လင်ရှင်းလင်းမှု၊ ကရုဏာစိတ်ထားဆောင်သော အပြုအမူများနှင့် လူအချင်းချင်းနှင့် နိုင်ငံများအကြား ငြိမ်းချမ်းသောဆက်ဆံရေးရှိမှုတို့လည်းအပါအဝင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ အပြည်ပြည်ဆိုင်ရာယောဂနေ့ကို ယခုကဲ့သို့ နှစ်စဉ် ဆက်လက်ကျင်းပလာနိုင်ခြင်းသည် မိမိတို့နှစ်နိုင်ငံအကြား ပိုမိုရင်းနှီးနွေးထွေးသော ဆက်ဆံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အပြန်အလှန်နားလည်တန်ဖိုးထားမှု တိုးတက်လာခြင်းကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် တက်ရောက်လာကြသူများက အိန္ဒိယနိုင်ငံသံရုံး ဆွာမိဗီဗီခန်နန်ဒါယဉ်ကျေးမှုစင်တာမှ ယောဂနည်းပြနှင့်အတူ ယောဂသရုပ်ပြစုပေါင်းလေ့ကျင့်ခြင်းကို ဆောင်ရွက်ကြပြီး ဆွာမိဗီဗီခန်နန်ဒါယဉ်ကျေးမှုစင်တာမှ ညွှန်ကြားရေးမှူးက ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့က အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ဖူးမြော်ကြည်ညို၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ (၁၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ် ယောဂသရုပ်ပြစုပေါင်းလေ့ကျင့်ခြင်းအခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း သတ်မှတ်နေရာ၌ ကံ့ကော်ပင်ကို အတူတကွ စိုက်ပျိုးကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
