Skip to main content

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) ၏ Fertility Centre တွင် သားသမီးရလိုသော ဇနီးမောင်နှံများအတွက် ဝန်ဆောင်မှုများဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် မေ ၂၅

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)တွင် Fertility Centre ကို သားသမီးရလိုသော ဇနီးမောင်နှံများအတွက် ရည်ရွယ်ဖွင့်လှစ်၍ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၂ ခုနှစ်မှ ယနေ့အထိ လူနာပေါင်း ၅၄၀၀ ကျော်ကို လက်ခံကုသပေးလျက်ရှိကြောင်း သိရသည်။

Fertility Centre တွင် ဖန်ပြွန်သန္ဓေသား နည်းပညာ၊ သားအိမ်အတွင်းသို့ သုတ်ပိုးထည့်ခြင်းနည်းပညာ၊ မျိုးဥကြီးစေ၍ အချိန်ကိုက်ကိုယ်ဝန်ရစေသော နည်းပညာများအသုံးပြု၍ ကျွမ်းကျင်သော ဆရာဝန်၊ ဆရာမများက အစိုးရရုံးဖွင့်ရက်တိုင်း နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဝန်ဆောင်မှုပေးလျက်ရှိသည်။

၂၀၂၃ ခုနှစ်တွင် သားအိမ်အတွင်း သုတ်ပိုးထည့်ခြင်းနည်းပညာ (IUI)ဖြင့် လူနာ ၁၅ ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယင်းတို့မှ လူနာသုံးဦး၊ ၂၀၂၄ ခုနှစ်တွင် IUI ဖြင့် လူနာ ၆၁ ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူနာ ၁၂ ဦး၊ ၂၀၂၅ ခုနှစ်တွင် IUI ဖြင့် လူနာ ၁၅၇ ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူနာ ၂၁ ဦး အောင်မြင်ခဲ့သည်။

အဆိုပါ လူနာ ၂၁ ဦးမှ ၂၀၂၆ ခုနှစ် မေ ၁၇ ရက်တွင် အမြွှာယောကျာ်းလေးနှစ်ဦး၊ မေ ၁၈ ရက်တွင် ယောကျာ်းလေးတစ်ဦး အောင်မြင်စွာခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ်မေလအထိ IUI ဖြင့် လူနာ ၃၀ အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူနာငါးဦးအောင်မြင်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ် ဧပြီလနှင့်မေလအတွင်းတွင်လည်း ဖန်ပြွန်သန္ဓေ သားနည်းပညာအသုံးပြု၍ ဇနီးမောင်နှံ ၁၂ တွဲအား ကလေးရရှိစေနိုင်ရန် ဆောင်ရွက်ထားဆဲဖြစ်ကြောင်း သိရသည်။

သို့ပါ၍ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) ၏ Fertility Centre တွင် သားသမီးရလိုသော ဇနီးမောင်နှံများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဝန်ဆောင်မှုကောင်းစွာ ဆောင်ရွက်လျက်ရှိပြီး သားသမီးရလိုသော ဇနီးမောင်နှံများ စိတ်အေးချမ်းသာစွာ ကုသမှုခံယူလျက်ရှိကြောင်း ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) Fertility Centre မှ သိရသည်။

သတင်းစဉ်