Skip to main content

မြစ်ကြီးနားမြို့ရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော် မေ ၂၈

တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဒေသအသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူများကို ၎င်းတို့၏ မြို့နယ်၊ ကျေးရွာများအရောက် သွားရောက်၍ လူမျိုး၊ ဘာသာမရွေး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့သို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌အခြေပြု၍ အဆိုပါမြို့ပေါ်ရှိ သံဃာတော် ၇၀ ပါးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော သံဃာတော်များအား မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို မြစ်ကြီးနားတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အဆိုပါကျောင်းတိုက်ရှိ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။