ရန်ကုန် မေ ၂၈
တရုတ်နိုင်ငံ ယူနန်မီဒီယာဂရု (Yunnan Media Group) နှင့် မြန်မာဘာသာဖြင့် လစဉ်ထုတ်ဝေသည့် ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်းတို့အကြား သတင်း၊ အကြောင်းအရာပံ့ပိုးမှုနှင့် နည်းပညာဆိုင်ရာတို့ကို ပူးပေါင်းဆောင်ရွက်နိုင်ရေး နှစ်ဖက်နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းအတွင်းရှိ Myanmar Sport Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ မြဝတီရုပ်မြင်သံကြားတို့မှတာဝန်ရှိသူများ၊ Yunnan Media Group ဒုတိယဥက္ကဋ္ဌ Ms. Zhang Ying နှင့် တာဝန်ရှိသူများ၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်း၊ ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် Yunnan Media Group ဒုတိယဥက္ကဋ္ဌ Ms. Zhang Ying နှင့် ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်းထုတ်ဝေသူ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ခင်လေးတို့က တက်ရောက်လာသူများရှေ့မှောက်တွင် နှစ်ဖက်နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးကြသည်။
ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်းသည် ၂၀၂၀ ပြည့်နှစ်မှ စတင်ထုတ်ဝေကာ Application တစ်ခုကိုလည်း ဆောင်ရွက်ထားပြီး မြဝတီရုပ်မြင်သံကြားတွင်လည်း “ဆွေမျိုးပေါက်ဖော်မှ ရသအစုံစုံ သုတအဖုံဖုံ” အစီအစဉ်ကိုလည်း ထုတ်လွှင့်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
