Skip to main content

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ပြင်ဦးလွင်မြို့ရှိ ခရီးသွားဆွဲဆောင်ရာနေရာများ ကွင်းဆင်းကြည့်ရှုပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ

နေပြည်တော် ဇွန် ၁

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့နံနက်ပိုင်းက ခရီးသွားဆွဲဆောင်ရာ အထင်ကရနေရာတစ်ခုဖြစ်သည့် ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင် ရှုခင်းကြည့်ရထားခရီးစဉ်ဖြင့် ဂုတ်ထိပ်တံတားအား လှည့်လည်ကြည့်ရှုသည်။

ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ပြင်ဦးလွင်မြို့၌ ရှိနှင့်ပြီးသော ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာ နေရာများအပြင် အသစ်ဖော်ထုတ်နိုင်သော ခရီးစဉ်ဒေသများကို ဖော်ထုတ်မြှင့်တင်သွားကြရန် လိုအပ်ကြောင်း ပြောကြားပြီး မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပြင်ဦးလွင်ဇုန်) အဖွဲ့များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြင်ဦးလွင်ရုံးခွဲ၌ တာဝန်ထမ်းဆောင်နေကြသော အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြားပြီး ဝန်ထမ်းများအတွက် သက်သာချောင်ချိရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ ခရီးသွားသတင်းအချက်အလက်ကောင်တာ (Information Counter) ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိသည်။

သတင်းစဉ်