Skip to main content

မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ (Myanmar-India Business Dialogue) ကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍အဖွင့်အမှာစကားပြောကြား

နေပြည်တော် ဇွန် ၃

မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ (Myanmar-India Business Dialogue) ကို ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ၊ The Taj Mahal Palace ဟိုတယ်၌ကျင်းပရာ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်သမ္မတသည် ဆွေးနွေးပွဲကျင်းပမည့် The Taj Mahal Palace ဟိုတယ်သို့ရောက်ရှိရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဋ္ဌ ဦးအေးဝင်းနှင့်အဖွဲ့ဝင်များ၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။

ဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့ဝင်များ၊ အိန္ဒိယနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့်တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် နာယကနှင့်အဖွဲ့ဝင်များ၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော မြန်မာ-အိန္ဒိယ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံ၏ ရှေးဟောင်းသမိုင်းဝင် အထင်ကရနေရာများစွာ တည်ရှိနေသည့်၊ The Gateway of India အဖြစ် လူသိများသည့် မွမ်ဘိုင်းမြို့ကို လာရောက်ခွင့်ရသည့်အတွက်ဝမ်းမြောက်ကြောင်း၊ ထို့ပြင်ယနေ့ အခမ်းအနားတွင် ဌာနဆိုင်ရာကိုယ်စားလှယ်ကြီးများ၊ မြန်မာ-အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင် မိတ်ဖက်များနှင့် တွေ့ဆုံခွင့်ရသည့်အတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်ရကြောင်း။

ကိုလိုနီစနစ်ကို အတူတကွတွန်းလှန်ခဲ့ကြသည့် သမိုင်းကြောင်းအရ မြန်မာ-အိန္ဒိယ သံတမန်ဆက်ဆံရေးသည် ၇၈ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဘာသာရေးနှင့်ယဉ်ကျေးမှုအရလည်း ရှေးယခင်ကတည်းက ခိုင်မာသည့်ဆက်နွှယ်မှုများရှိခဲ့ကြကြောင်း၊ ရှည်လျားသည့်ကုန်းမြေနှင့် ရေကြောင်းနယ်နိမိတ်များ ထိစပ်နေသည့်အပြင် ယခုအချိန်သည် စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများမှတစ်ဆင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန် အကောင်းဆုံးအချိန်လည်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ယခုခရီးစဉ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့ထိတွေ့ဆက်ဆံမှု (Act East Policy) နှင့် အိမ်နီးချင်းဦးစားပေးမူဝါဒ (Neighborhood First Policy) တို့အရ မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ တန်ဖိုးကွင်းဆက်များကိုမြှင့်တင်ပေးနိုင်မည့် မဟာဗျူဟာကျသည့် မောင်းနှင်အားတစ်ရပ်ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း။

နိုင်ငံရေးအရတည်ငြိမ်မှုအနေဖြင့် မြန်မာနိုင်ငံသည် အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်းများစွာကြာ နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပွားခဲ့ရာမှ ယခုအခါတွင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် ရွေးကောက်ပွဲမှတစ်ဆင့် ဒီမိုကရေစီအရတည်ဆောက်ခဲ့သည့် အစိုးရတစ်ရပ်ပေါ်ပေါက်ခဲ့သည့် အစိုးရတစ်ရပ်ပေါ်ပေါက်လာပြီဖြစ်သဖြင့် တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်လက်ထိန်းသိမ်းသွားရန်အခြေအနေကောင်းများ မိမိတို့တွင်ရှိလာပြီဖြစ်ကြောင်း၊ ထို့ကြောင့်နိုင်ငံရေးတည်ငြိမ်မှုရှိလာသည့် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အဆွေတော်တို့အတွက် အခွင့်အလမ်းများစွာရှိလာမည်ကို ထပ်လောင်းပြောကြားလိုကြောင်း။

ထို့ကြောင့် မိမိအနေဖြင့်သမ္မတအဖြစ် တာဝန်ယူပြီးချိန်တွင် စီးပွားရေးနှင့်ကုန်သွယ်မှုများ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံသို့ ပထမဆုံးလာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့လာရောက်စဉ်အတွင်း အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi နှင့် အိန္ဒိယသမ္မတနိုင်ငံသမ္မတ H.E. Smt. Droupadi Murmu တို့နှင့်လည်း တွေ့ဆုံခဲ့သကဲ့သို့ နယူးဒေလီမြို့တွင်လည်း မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲကိုကျင်းပပြီး နှစ်နိုင်ငံစီးပွားရေးဆိုင်ရာမြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့ပြီး သဘောတူညီချက်များလည်းရရှိခဲ့ကြောင်း၊ ယခုကဲ့သို့အခြေအအနေများအရ အိန္ဒိယနိုင်ငံမှတာဝန်ရှိသူများအနေဖြင့် မြန်မာနိုင်ငံနှင့်ယုံကြည်စိတ်ချစွာ ပူးပေါင်းဆောင်ရွက်နိုင်သည်ကို ပြောကြားလိုကြောင်း။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက်ကုန်သွယ်မှု အများဆုံးနိုင်ငံဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာစာချုပ်များလည်း ချုပ်ဆိုထားပြီးဖြစ်သကဲ့သို့ ယခင်ကတည်းက နယ်စပ်ကုန်သွယ်ရေးစခန်းများမှလည်း ကုန်သွယ်မှုများပြုလုပ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့သည့်ပစ္စည်းများမှာ ပဲမျိုးစုံ၊ သစ်တောထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သတ္တုပစ္စည်းများကို အများဆုံးတင်ပို့လျက်ရှိကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုအနေဖြင့် မိမိတို့မြန်မာနိုင်ငံဘက်မှထုတ်ပြန်သည့် စာရင်းများအရ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် မိမိတို့နိုင်ငံမှပို့ကုန်သည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၆ ဘီလီယံထိရှိခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံမှပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၆၀၀ မှ ၈၀၀ အကြားတွင်ရှိကြောင်း၊ အများအားဖြင့် အိန္ဒိယနိုင်ငံဘက်မှ ဆေးဝါးပစ္စည်းများ၊ ရေနံထွက်ပစ္စည်း၊ ဓာတုဗေဒပစ္စည်းများ၊ မော်တော်ယာဉ်နှင့်ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းများ၊ လယ်ထွန်စက်နှင့်ဆက်စပ်ပစ္စည်းများ တင်ပို့ခဲ့သည်ကိုတွေ့ရှိရကြောင်း။

မိမိအနေဖြင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးချိန်တွင် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်သာရှိခဲ့သဖြင့် ပထမအဆင့်အနေဖြင့် အမေရိကန် ဒေါ်လာ ၃ ဘီလီယံအထိရောက်ရှိအောင်ဆောင်ရွက်ရန်၊ ဒုတိယအဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိရောက်အောင် မျှော်မှန်းဆောင်ရွက်သွားရန် ဆွေးနွေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ကုန်သွယ်မှုတွင်လည်း နှစ်နိုင်ငံကုန်သွယ်မှုတိုးတက်စေရေး ကျပ်နှင့် ရူပီးတိုက်ရိုက်ပေးချေရေးသဘောတူညီထားပြီးဖြစ်ကြောင်း၊ မိမိအိန္ဒိယနိုင်ငံဗဟိုဘဏ်မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အိန္ဒိယနိုင်ငံမှ သွင်းကုန်များပိုမိုတင်သွင်းရန်ဆန္ဒရှိပြီး အထူးသဖြင့် သံနှင့်သံမဏိများ၊ ဘိလပ်မြေ၊ ဆေးဝါး၊ စက်သုံးဆီများ၊ ဆိုလာနှင့်ပတ်သက်သည့်ပစ္စည်းများကို တင်သွင်းသွားလိုကြောင်း၊ မိမိတို့နိုင်ငံမှလည်း ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ၊ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ၊ ဆန်နှင့်ရာဘာထွက်ပစ္စည်းများ တင်ပို့သွားလိုကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင် အိန္ဒိယနွယ်ဖွားများ များစွာရှိပြီး အပြန်အလှန်ကူးသန်းသွားလာမှုများ၊ ဗုဒ္ဓဂယာသို့ သွားရောက်လည်ပတ်မှုများရှိသဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍကိုလည်း တိုးမြှင့်ဆောင်ရွက်သွားရန်ဆန္ဒရှိကြောင်း၊ အလားတူ အိန္ဒိယနိုင်ငံအနေဖြင့် ကျန်းမာရေးဆိုင်ရာ ပတ်သက်သည့်လုပ်ငန်းများမြင့်မားသကဲ့သို့ ပညာရေးနှင့်ဆိုင်သည့် လုပ်ငန်းရပ်များသည်လည်း မြင့်မားသည်ကိုတွေ့ရှိရသဖြင့် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများတွင်လည်း လာရောက် ရင်းနှီးမြှုပ်နှံသွားနိုင်ရန်အခွင့်အလမ်းများရှိကြောင်း။

မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၉၄ ဘီလီယံကျော်ရှိပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် နိုင်ငံများတွင် ၁၁ နိုင်ငံမြောက်ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်လာရောက်၍ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးဖိတ်ခေါ်ကြောင်း၊ အထူးသဖြင့်စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍ၊ စက်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ဆက်သွယ်ရေးနှင့်ဝန်ဆောင်မှုကဏ္ဍ စသည့်ကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ကြောင်း၊ သွင်းကုန်ပစ္စည်းများနှင့်ပတ်သက်၍လည်း ကုန်သွယ်မှုမြှင့်တင်သကဲ့သို့ မိမိတို့နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ၍ ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း အချို့ထုတ်ကုန်ပစ္စည်းများကို မြန်မာနိုင်ငံဈေးကွက်သာမက အိမ်နီးနားချင်းနိုင်ငံများဖြစ်ကြသည့် လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် သတင်းအချက်အလက်၊ ဒီဂျစ်တယ်နှင့် အဆင့်မြင့်နည်းပညာအခြေပြုကဏ္ဍတွင် ထိပ်တန်းနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည့် အိန္ဒိယနိုင်ငံမှ နည်းပညာမြင့်လုပ်ငန်းများကို မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန်ဖိတ်ခေါ်လိုကြောင်း၊ ဆေးဝါးကုသမှုနှင့်ပတ်သက်၍လည်း အိန္ဒိယနိုင်ငံသည် ဆေးဝါးထုတ်လုပ်မှုတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏ ဆေးဝါးသွင်းကုန်များကို အိန္ဒိယနိုင်ငံမှ အများဆုံးတင်သွင်းလျက်ရှိကြောင်း၊ ထို့ကြောင့် ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများကို မြန်မာနိုင်ငံ၌လာရောက်ဆောင်ရွက်နိုင်ကြောင်း၊ အလားတူ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာတွင်လည်း ကမ္ဘာ့ထိပ်တန်းနိုင်ငံများတွင်ပါဝင်သဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိသည့် မိမိတို့နိုင်ငံတွင်ရင်းနှီးမြှုပ်နှံနိုင်ရန် အခွင့်အရေးများစွာ ရှိကြောင်း၊ မိမိနှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် အသေးစိတ်ထပ်မံဆွေးနွေးနိုင်ကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ခြင်းအားဖြင့် နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုများကို ပိုမိုခိုင်မာမှုကိုအထောက်အကူပြုမည်ဖြစ်သကဲ့သို့ သမိုင်းကြောင်းအရတည်ရှိခဲ့သည့် မိမိတို့နှစ်နိုင်ငံ၏ ရင်းနှီးမှုကိုလည်း ပိုမိုအားပေးရာရောက်မည်ဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ သံတမန်ဆက်ဆံမှုသည် ၇၈ နှစ်တာကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် နှစ် ၈၀ ပြည့်မြောက်မည်ဖြစ်ပြီး အဆိုပါ နှစ် (၈၀) ပြည့်သံတမန်ဆက်ဆံမှု အထိမ်းအမှတ်ကိုအားဖြည့်သည့်အနေဖြင့် နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အိန္ဒိယနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များက အိန္ဒိယနိုင်ငံမှစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်လျက်ရှိမှုနှင့် နိုင်ငံတော်သမ္မတအနေဖြင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုများ ထပ်မံတိုးမြှင့်ဆောင်ရွက်နိုင်ရေး အားပေးဆောင်ရွက်မှုအပေါ် ကျေးဇူးတင်ရှိမှုအခြေအနေများ၊ လက်ရှိ နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်မည်ဟု ၎င်းတို့အနေဖြင့် ယုံကြည်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအကြား နည်းပညာကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ဇီဝစွမ်းအင် (Bio Energy) ထုတ်လုပ်မှု လုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်စက်ပစ္စည်းကိရိယာများနှင့် ဓာတ်မြေဩဇာများ ထုတ်လုပ်ရေးကဏ္ဍတို့နှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာများအား ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ကြောင်း၊ ဘိုင်အိုစွမ်းအင်နှင့် (Bio Energy) နှင့်ပတ်သက်၍လည်း လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း၊ သတ္တုတူးဖော်ရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံမှထွက်ရှိသည့်သတ္တုများကို ပြည်ပသို့ကုန်ကြမ်းအဖြစ် တင်ပို့ခြင်းထက် ကုန်ချောထုတ်လုပ်၍ တင်ပို့သွားမည်ဆိုပါက ဆောင်ရွက်၍ရကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍကို အဓိကထားဆောင်ရွက်နေသည့် နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးရေးကဏ္ဍကို အမှန်တကယ်အကျိုးရှိစွာ ဖြင့်ဆောင်ရွက်နိုင်မည့်လုပ်ငန်းရပ်များရှိပါကဖိတ်ခေါ်ကြောင်းနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတက တက်ရောက်လာကြသည့် အိန္ဒိယနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး စုပေါင်မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် Gateway of India, Mumbai သို့သွားရောက်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများကကြိုဆိုနှုတ်ကြပြီး နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် Gateway of India, Mumbai အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

အဆိုပါ Gateway of India, Mumbai သည် အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၊ မွန်ဘိုင်း ပင်လယ်ကမ်းစပ်တွင်တည်ရှိသည့် ကမ္ဘာကျော်သမိုင်ဝင်အထိမ်းအမှတ် အဆောက်အအုံကြီးတစ်ခုဖြစ်ကြောင်း၊ ဗြိတိသျှဘုရင် King George V နှင့် မိဘုရား Queen Mary တို့သည် ၁၉၁၁ ခုနှစ်တွင်အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်စဉ် ၎င်းတို့ခြေချဆိုက်ရောက်ခဲ့သည့်နေရာကို အထိမ်းအမှတ်ပြုလုပ်ရန်အတွက် အဆိုပါမုခ်ဦးကြီးကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၁၅ ခုနှစ်တွင် အုတ်မြစ်ချခဲ့ပြီး ၁၉၂၄ ခုနှစ်တွင်တည်ဆောက်မှုပြီးစီးခဲ့ကြောင်း၊ ၁၉၄၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးနောက် နောက်ဆုံးကျန်ရှိနေသည့် ဗြိတိသျှတပ်ရင်းများသည် ယခုမုခ်ဦးကြီးအောက်မှဖြတ်သန်းကာ သင်္ဘောများဖြင့် အိန္ဒိယနိုင်ငံမှ ထွက်ခွာခဲ့ကြခြင်းဖြစ်သဖြင့် ဗြိတိသျှတို့၏အုပ်စိုးမှုနိဂုံးချုပ်ခြင်းကို ပြသသည့် ပြယုဂ်တစ်ခုလည်းဖြစ်ကြောင်း၊ အဆောက်အအုံ၏ ဗိသုကာလက်ရာသည် ၁၆ ရာစု ဂူဂျာရက်စတိုင် အစ္စလာမ်နှင့် ဟိန္ဒူရိုးရာဗိသုကာလက်ရာများကို ရောနှောပေါင်းစပ်ထားသည့် Indo-Saracenic စတိုင်ဖြစ်ပြီး အဝါရောင်သဲကျောက် (Yellow basalt) များဖြင့် တည်ဆောက်ထားခြင်းဖြစ်ကာ အလယ်မုခ်ဦးခုံးကြီး၏ အမြင့်မှာ ၈၅ ပေခန့်ရှိကြောင်း၊ Gateway of India, Mumbai သည် မွန်ဘိုင်းမြို့၏အထင်ကရပြယုဂ် (The Taj Mahal of Mumbai) ဟု တင်စားခေါ်ဆိုကြပြီး ကမ္ဘာလှည့်ခရီးသွားများ စိတ်ပါဝင်စားစွာ လာရောက်လည် ပတ်ကြသည့်နေရာတစ်ခုဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ Chhatrapati Shivaji Maharaj အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြရာ လေဆိပ်မှတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် လေဆိပ်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုလေ့လာကြကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်