Skip to main content

ပညာရေးအပေါ် အကြမ်းဖက်မှု အမြန်ဆုံးပျက်စီး ပျောက်ကွယ်ရမည်

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲတွင် ဆူပူဆန္ဒပြမှုများကို နောက်ကွယ်မှ ကြိုးကိုင်သူများက နိုင်ငံ့ဝန်ထမ်းများ အလုပ်ခွင်မဝင်ရေး၊ ကျောင်းသူ ကျောင်းသားများ ကျောင်းမတက်ရေးတို့ကို ၎င်းတို့၏ ရည်မှန်းချက် အောင်မြင်ရေးအတွက် ဆူပူဆန္ဒပြသူများအား လိုင်းချပေးခဲ့ရာ ၎င်းအချက်နှစ်ချက်က မည်သည့်အစိုးရ တက်သည်ဖြစ်စေ နိုင်ငံ့တာဝန်ထမ်းဆောင်ကြရသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ၊ မိဘများအတွက် ကြီးမားသည့် အန္တရာယ်ဖြစ်လာသည်။ PDF အမည်ခံ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ ဖြစ်လာကြသည့်အခါ နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းဆရာ ဆရာမများကို ရန်သူသဖွယ် သတ်မှတ်ပြီး ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းတို့ကို ဆင်ခြင်ဉာဏ်ကင်းမဲ့စွာ ကျူးလွန်ခဲ့ကြသည်။

ကျောင်းနေအရွယ်ကလေးများ၏ ပညာသင်ယူမှုနှင့် သင်ကြားပေးမှုတို့ကို တားဆီးပိတ်ပင်ခြင်းသည် လူ့အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးတို့ကို ချိုးဖောက်ခြင်းပင်ဖြစ်သည်။ ထို့အပြင် စစ်ရေးပစ်မှတ်မဟုတ်သည့် ပညာရေးကဏ္ဍကို ဦးတည်တိုက်ခိုက်ခြင်းသည်လည်း စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်သည်။ ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဝက်လက်၊ ခင်ဦး စသည့် မြို့နယ်များနှင့် မကွေးတိုင်းဒေသကြီးရှိ ဂန့်ဂေါခရိုင်ကျောမြို့ တို့တွင် PDF အမည်ခံအကြမ်းဖက်သမားများက စာသင်ကျောင်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ၊ ကလေးများ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးနေကြသည့် ဆရာတော်သံဃာတော်များ၊ ရပ်မိရပ်ဖများအပေါ် ရက်စက်ယုတ်မာစွာ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများမှာ တော်လှန်ရေး အမည်ခံထားသည့် အကြမ်းဖက်အဖွဲ့များ၏ ရှက်စဖွယ် သူရဲဘောကြောင်သော လုပ်ရပ်များပင်ဖြစ်သည်။

ပြီးခဲ့သည့် ဇွန် ၃ ရက် မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့ အမှတ်(၃)ရပ်ကွက် ရွှေအိုးကွင်းရပ်ရှိ အခြေခံပညာအထက်တန်းကျောင်းအနီးသို့ PDF အကြမ်းဖက်သမားများက ဒရုန်းယာဉ်နှစ်စင်းဖြင့် ဗုံးသီးလေးလုံး ပစ်ချတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းအတွင်း ပညာသင်ကြားနေသည့် အသက် ၁၄ နှစ်အရွယ် အဋ္ဌမတန်း ကျောင်းသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အတူ ဇွန် ၆ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (ကျော) တွင် ကျောင်းပတ်ဝန်းကျင် သာယာလှပရေး စုပေါင်းဆောင်ရွက်နေကြသည့်ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများကို လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် Grade-11 ကျောင်းသားတစ်ဦး ညာဘက်ရင်ဘတ်မှ ကျောသို့ ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့သည်။

တက္ကသိုလ်၊ ကောလိပ်များ၊ အခြေခံပညာစာသင်ကျောင်းများ စသည့် ပညာရေးရပ်ဝန်းများမှာ စစ်ရေးနှင့်မသက်ဆိုင်သည့် နေရာများသာဖြစ်သည့်အလျောက် ကလေးများနှင့် လူငယ်များ အေးချမ်းစွာ ပညာသင်ယူနိုင်သည့် ငြိမ်းချမ်းသောနေရာများသာ ဖြစ်စေသင့်သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက ကယားပြည်နယ် လွိုင်ကော်မြို့ လွိုင်ကော်တက္ကသိုလ်ကို KNPPနှင့် PDF အကြမ်းဖက်အဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကာ ပညာရေးဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများကို အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ကလေးတက္ကသိုလ်ရှိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို PDF အမည်ခံအကြမ်းဖက်သမားများက အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းတို့အပါအဝင် ပညာရေးကဏ္ဍအပေါ် အကြမ်းဖက်မှုများစွာကို ယခင်မှ ယခုအထိ ဒေသအနှံ့တွင်ကျူးလွန်နေကြဆဲဖြစ်သည်။

နိုင်ငံတကာသဘောတူစာချုပ်များဖြစ်သည့် ဂျီနီဗာသဘော တူညီချက်( Geneva Conventions) အရ ဥပဒေမဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း၊ လူမဆန်စွာပြုမူခြင်း၊ ကိုယ်ခန္ဓာ သို့မဟုတ် ကျန်းမာရေးကို ပြင်းထန်စွာထိခိုက်စေရန် ရည်ရွယ်ပြုလုပ်ခြင်း၊ စစ်ရေးအရလိုအပ်ကြောင်း မခိုင်လုံဘဲ အဆောက်အအုံ၊ အိမ်ရာများဖျက်ဆီးခြင်း၊ ဓားစာခံဖမ်းဆီးခြင်း၊ တရားဥပဒေမဲ့ ပြည်နှင်ခြင်း၊ ချုပ်နှောင်ခြင်းတို့သည် စစ်ရာဇဝတ်မှုများဖြစ်သကဲ့သို့ ၁၉၉၈ ခုနှစ်၊ ရောမဥပဒေ (Rome Statute of 1998) အရလည်း အရပ်သားပြည်သူ သို့မဟုတ် စစ်ပွဲတွင်တိုက်ရိုက် ပါဝင်ပတ်သက်ခြင်း မရှိသူကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ အရပ်သားများ သေဆုံးဒဏ်ရာရနိုင်သည်ကို သိလျက်နှင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း၊ ခုခံမှုကင်းမဲ့နေသည့် မြို့ရွာ၊ နေအိမ်၊ အဆောက်အအုံများ၊ ဆေးရုံ၊ ဘာသာရေး အဆောက်အအုံ၊ ပညာရေးအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့မှာ စစ်ရာဇဝတ်မှုများပင်ဖြစ်သည်။

ပညာရေးကဏ္ဍအပေါ် အကြမ်းဖက်မှုများစွာ ကျူးလွန်ခဲ့ကြသည့် စစ်ရာဇဝတ်မှုကျူးလွန်သူ အကြမ်းဖက်သမားများ အလျင်အမြန် ပျက်စီးပျောက်ကွယ်ကြရမည်ဖြစ်သည့်အကြောင်း။ ။