သဲကုန်း ဇွန် ၁၀
နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်၌ ကောက်စိုက်စက်ဖြင့် ရေဆင်းပေါ်ဆန်း(၁)စပါး(၇) စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက လက်ပံလုံးလအုပ်စု ကွင်းအမှတ် ၉၅၇ (ခ) တောင်သူဦးသန်းဇော်၏ လယ်မြေခုနစ်ဧကတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။ သဲကုန်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသော ဒေသခံတောင်သူများအနေဖြင့် မိုးစပါးစိုက်ဧကများကို မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်/လက်ဆွဲ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းနည်းစနစ်များဖြင့် မိုးစပါးစုစုပေါင်း ဧက ၈၂၆၁၀ စိုက်ပျိုးသွားမည်ဖြစ်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးနည်းစနစ်များအား ကွင်းသရုပ်ပြသခြင်း၊ မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ပံ့ပိုးပေးခြင်း၊ သဘာဝမြေသြဇာပြုလုပ်နည်းများ သရုပ်ပြသခြင်း၊ သွင်းအားစုဓာတ်မြေသြဇာများကို သက်သာသောစျေးနှုန်းဖြင့် တောင်သူများအား ဖြန့်ဖြူးပေး ခြင်း၊ ပိုးမွှားရောဂါကာကွယ်ရေးနှင့် စိုက်ပျိုးနည်းပညာများ လက်တွေ့ကွင်းဆင်းသရုပ်ပြသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကျော် (သဲကုန်း)
