Skip to main content

ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ နိုင်ငံ့အရင်းအမြစ်များ မွေးထုတ်

ပညာရေးကဏ္ဍတွင် အားနည်းချက်များရှိခဲ့သောကြောင့် နိုင်ငံအတွက် အားထားရမည့် ပညာတတ်နှင့် ကျွမ်းကျင်လူသားအရင်းအမြစ်များ လိုအပ်လျက်ရှိသည်။ ပညာတတ်နှင့် ကျွမ်းကျင်လူသားအရင်းအမြစ်များ ပေါများကြွယ်ဝပါမှ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် တည်ဆောက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရင်းနှီးမြှုပ်နှံမှုများ အဆက်မပြတ် ဆောင်ရွက်ပေးပြီး ပညာတတ်များ ပေါများလာအောင် အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။

ပညာရေးကဏ္ဍမြင့်မားတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုအခါ အခြေခံပညာကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး ယနေ့အချိန်အထိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါအဝင် အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူ ၆ ဒသမ ၇ သန်းကျော် ကျောင်းအပ်နှံခဲ့ပြီး ပညာသင်ကြားနေကြပြီဖြစ်သည်။ ယခုနှစ်တွင် ယခင်နှစ်များထက်စာလျှင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျောင်းအပ်ရာခိုင်နှုန်းများ တိုးတက်မြင့်မားလာသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရက အားပေးမြှင့်တင်ပေးမှု၊ ဒေသအလိုက် တည်ငြိမ်အေးချမ်းမှုနှင့် ပညာရေးအပေါ် တန်ဖိုးထားမှုများမြင့်မားလာခြင်း၏ အကျိုးရလဒ်ဖြစ်သည်။

ထို့ကြောင့် ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ကျောင်းနေနိုင်ရေး အားလုံးက ဆက်လက်၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ခေတ္တပိတ်ထားရသည့် အခြေခံပညာကျောင်းများကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်အောင် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကျောင်းနေရာခိုင်နှုန်း တိုးတက်လာအောင် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည်။ ပညာရေးကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးသူများအား ဝိုင်းဝန်းဆန့်ကျင်ရှုတ်ချကြရမည်ဖြစ်သည်။ ပညာသည် လူ့ဘဝအတွက် အသိဉာဏ်ထွန်းပြောင် မီးရှူးတန်ဆောင်ဖြစ်သည်။ လူ့ဘဝမြင့်မားတိုးတက်လာရေးနှင့် နိုင်ငံ့အဆင့်အတန်း တိုးတက်မြှင့်တင်နိုင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ ပညာရည်မြင့်မားပါက ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်လာနိုင်သည်။

ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲက မကြာခဏ လမ်းညွှန်မှာကြားအားပေးမြှင့်တင်လျက်ရှိသည်။ ပညာရေးတွင် မူလတန်းအဆင့် ပညာရေးရှိသူ၊ အလယ်တန်းအဆင့် ပညာရေးရှိသူ၊ အထက်တန်းအဆင့် ပညာရေးရှိသူဟူ၍ အပိုင်းသုံးပိုင်းရှိပြီး အပိုင်းလိုက်ခွဲခြား၍ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်သည်။ ယေဘုယျအားဖြင့် ပညာရေးအားနည်းသူများသည် သာမန်အလုပ်အကိုင်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြရပြီး ထိုလူတန်းစားများမှာ နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်ရှိသည်။ ၎င်းတို့အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ အလုပ်အကိုင်များ ဖန်တီးပေးကြရမည်ဖြစ်သည်။ ပညာရေးအရ အဆင့်မြင့်တန်းအဆင့်တွင် ရှိနေသူများအတွက် အလုပ်အကိုင်များ လွယ်ကူအဆင်ပြေပြီး ကြိုးစားအားထုတ်မှုအလိုက် နယ်ပယ်အမျိုးမျိုးတွင် အောင်မြင်မှုများရနိုင်သည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်အခြေအနေအရ ပညာရေးကို အဆင့်မြှင့်တင်နိုင်ရေး မဖြစ်မနေ ဆောင်ရွက်နေခြင်းဖြစ်သည်။ အခြေခံပညာကျောင်းများနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် ကျောင်းအင်္ဂါရပ်များ ပြည့်စုံရန်လိုသည်။ အဆင့်မီသည့်ပညာရေးစနစ်ကို အကောင်အထည်ဖော်ရာ၌ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ စနစ်တကျဖြစ်ရန် လိုအပ်သကဲ့သို့ သင်ကြားရေးအပိုင်းတွင်လည်း စနစ်တကျဖြင့် ထိထိရောက်ရောက် သင်ကြားပြသရန်လိုအပ်သည်။ မှန်ကန် ထိရောက်သည့် ပညာရေးဖွံ့ဖြိုးတိုးတက်မှု ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆောင်ရွက် ထားမှသာ နောင် ၁၀ နှစ်တန်သည်၊ အနှစ် ၂၀ တန်သည့်အခါ နိုင်ငံအတွက် အသီးအပွင့်များ ခံစားရရှိနိုင်ပြီး နိုင်ငံတော်အတွက် အခြေခံကောင်းများရှိပြီးဖြစ်သည့် မျိုးဆက်သစ်လူသားအရင်းအမြစ်များ ပေါ်ထွက်လာမည်ဖြစ်သည်။

ပညာရေးကဏ္ဍအဆင့်မြှင့်တင်မှုကို အထောက်အကူပြုနိုင်ရန်အတွက် တက္ကသိုလ်များအားလုံးတွင် ဥပဒေဘွဲ့နှင့် စီးပွားရေးဆိုင်ရာဘွဲ့များ သင်ကြားပေးလျက်ရှိသည်။ ထိုသို့သင်ကြားပေးခြင်းအားဖြင့် မျိုးဆက်သစ်များတွင် ဥပဒေအမြင်နှင့် စီးပွားရေးအမြင်များ ရှိလာမည်ဖြစ်သည်။ ဥပဒေအမြင်ရှိပါမှ သတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်များကို သိရှိနားလည်နိုင်မည်ဖြစ်ပြီး စီးပွားရေးအမြင်ရှိပါက မိမိတို့လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဥပဒေပညာနှင့် စီးပွားရေးတတ်ကျွမ်းသူများ ပေါများကြွယ်ဝစွာ မွေးထုတ်ပေးခြင်းအားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်သည်။ အခြားဘာသာရပ်များအလိုက်လည်း ထူးချွန်ထက်မြက်သူများ မွေးထုတ်ပေးနိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ၊ စီးပွားရေးကောင်းမွန်သည့်နိုင်ငံ၊ အတွေးအခေါ်အဆင့်အတန်း မြင့်မားသည့်နိုင်ငံ ဖြစ်ပေါ်လာစေရန်အတွက် ပညာရေးကဏ္ဍကို ရင်းနှီးမြှုပ်နှံပေးပြီး စဉ်ဆက်မပြတ် အားပေးမြှင့်တင်ပေးနေရမည်ဖြစ်သည်။ ပေါ်ထွက်လာသော ပညာတတ်လူသားအရင်းအမြစ်များဖြင့် ပိုမိုကောင်းမွန်သည့် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၏ အားပေးမြှင့်တင်ပေးမှုများနှင့်အတူ မိဘဆရာအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။