Skip to main content

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပ

နေပြည်တော် ဇွန် ၁၁

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၃၅၁ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၃၄၉ ဦး တက်ရောက်သဖြင့် တက်ရောက်မှုရာခိုင်နှုန်း ၉၉ ဒသမ ၄၃ ရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

ထို့နောက် တာချီလိတ်မဲဆန္ဒနယ်မှ ဦးကျော်ငြိမ်းအောင်၏ တာချီလိတ်မြို့နယ်အတွင်း ရေကြီးရေလျှံမှုအန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေး လုပ်ငန်းဆောင်တာများ ဆောင်ရွက်နေမှုအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က တာချီလိတ်မြို့နယ်အတွင်း ရေကြီးရေလျှံမှုအန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ဆောင်ရွက်ဆဲလုပ်ငန်းများအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပုန်းထွန်ရပ်ကွက်၊ ရန်အောင်မြေရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်နှင့် မကာဟိုခမ်းရပ်ကွက်တို့တွင် လမ်းဖြတ်တံတား ၁၄ စင်းနှင့် အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ၅ ခု ၂၁၃၆ ပေကို လျာထားဆောင်ရွက်လျက်ရှိပါကြောင်း။

ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအနေဖြင့် မယ်ဆိုင်ချောင်းတစ်လျှောက် ကျောက်ရိုးအမြင့် မြှင့်တင်ရန်နှင့် ကျောက်ရိုးများကို အားဖြည့်တည်ဆောက်ရန် နေရာ ၆ နေရာ၊ ရေလျှံတားနံရံအသစ် တည်ဆောက်ရန်လိုအပ်သည့် နေရာ ၈ နေရာတို့တွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လျာထားပြီး ရေလျှံ တားနံရံတည်ဆောက်ခြင်းလုပ်ငန်းများကို မိုးရာသီအလွန် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မယ်ဆိုင်ချောင်းတစ်လျှောက် ဆောင်ရွက်ရန်ကျန်ရှိနေသော ရေကာနံရံ ပေ ၂၄၅၀ နှင့် ရေစုရေထိန်းကန် သုံးနေရာတို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား သည်။

ကျိုက်လတ်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ကြီး၏ နေပြည်တော်ကောင်စီနယ်မြေတွင် မီတာဖြင့် သုံးစွဲရသည့် အငှားယာဉ် (TAXI) ပြေးဆွဲရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က နေပြည်တော်မြို့တွင်း စင်းလုံးငှားယာဉ် (TAXI) အနေဖြင့် စည်ပင်ဧည့်ရိပ်သာ ၂ ရှေ့ EV Station နေရာနှင့် သပြေကုန်းဈေး EV Stationနေရာတွင် EV TAXI များကို နေ့စဉ် On Call စနစ်ဖြင့် ယာဉ်စီးခနှုန်းထား သတ်မှတ်၍ ပြေးဆွဲခြင်းကို ၂၀၂၄ ခုနှစ်မှ စတင်ပြေးဆွဲလျက်ရှိပြီး နေပြည်တော်ကောင်စီ၏ အစီအစဉ်ဖြင့် ၂၇ စီးနှင့် ပုဂ္ဂလိက တစ်ဦးချင်းပိုင် ၉ စီးတို့ဖြင့် နေ့စဉ်ပြေးဆွဲပေးလျက်ရှိပါကြောင်း။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အငှားယာဉ် TAXI များ လုပ်ငန်းဆောင်ရွက်မည့် ပုဂ္ဂလိကယာဉ်ပိုင်ရှင်များနှင့် ကုမ္ပဏီများက မြို့တွင်းခရီးစဉ်များ ပြေးဆွဲခွင့်လျှောက်ထားပါက လုပ်ထုံး လုပ်နည်းနှင့်အညီ ခွင့်ပြုပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

မင်းလှမဲဆန္ဒနယ်မှ ဦးရဲထွဋ်အောင်၏ တရားဝင်အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ထားသော ပရဟိတအသင်းအဖွဲ့များရှိ လိုင်စင်မဲ့မော်တော်ကားများအား အခွန်ငွေသတ်မှတ်ပေးသွင်းစေပြီး ဥပဒေနှင့်အညီ တရားဝင်လိုင်စင်ထုတ်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကိုသိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ၂၀၁၄ ခုနှစ်တွင် လူမှုရေးအသင်းအဖွဲ့များတွင် အသုံးပြုနေသော မှတ်ပုံတင်မဲ့ ယာဉ်များ တရားဝင်မှတ်ပုံတင်ခြင်းကို ၁၉-၆-၂၀၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ ကြီးကြပ်ပြီး One Stop Service အဖွဲ့များ ဖွဲ့စည်း၍ ၇-၇-၂၀၁၄ ရက်နေ့မှ ၃၁-၇-၂၀၁၄ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပါကြောင်း။

ထိုသို့ ပူးပေါင်းအဖွဲ့များဖြင့် One Stop Service စီမံချက်ဆောင်ရွက်ပေးခဲ့ရာ စီမံချက်မတိုင်မီက တရားဝင်မှတ်ပုံတင်ထားသည့် လူမူရေးအသင်းအဖွဲ့ ၅၈ ဖွဲ့ သာရှိရာမှ စီမံချက်ကာလ ရက်သတ္တပတ် ၄ ပတ်ခန့်အတွင်း တရားဝင်မှတ်ပုံတင်လာသည့် အသင်းအဖွဲ့ပေါင်း ၁၇၆၅ ဖွဲ့သို့ တိုးပွားလာခဲ့ပြီး စီမံချက်မတိုင်မီ မှတ်ပုံတင်ထားသော နိဗ္ဗာန်ယာဉ် ၁၁၄ စီးသာ ရှိခဲ့ရာမှ စီမံချက်ကာလအတွင်း စုစုပေါင်း ၄၉၈၅ စီးအထိ တိုးမြင့်လာခဲ့ပါကြောင်း၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပြည်ပမှ တရားဝင်တင်သွင်းလာသည့် လူနာတင်ယာဉ်နှင့် နိဗ္ဗာန်ယာဉ်များကို သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာ၊ အကောက်ခွန် ဖော်ပြချက်နှင့်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အခွန်အကောက်ကင်းလွတ်ခွင့်ပြုကြောင်း စာရွက်စာတမ်းများအား စိစစ်ပြီး ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ ကောက်ခံခြင်းမပြုဘဲ မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ တရားမဝင် ရောက်ရှိနေသော မော်တော်ယာဉ်များသည် ဖော်ပြပါအထောက်အထားများ တင်ပြနိုင်ခြင်းမရှိပါသဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေး၍ မရပါကြောင်း ပြန်လည်ဖြေကြားသည်။

သီပေါမဲဆန္ဒနယ်မှ ဦးကောင်းသက်စံ၏ ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်တွင် (၂၄) နာရီပတ်လုံး ဖုန်းလိုင်းများ ဆက်သွယ်နိုင်ရန်အတွက် ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က သီပေါမြို့နယ်တွင် လက်ရှိအချိန်၌ MPT၊ ATOM ၊ U9 နှင့် Mytel မှ မိုဘိုင်း စခန်း ၉၂ ခုဖြင့် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဆိုပါဝန်ဆောင်မှုပေးလျက်ရှိသည့် မိုဘိုင်းစခန်း ၉၂ ခု အနက် ၇၂ ခုတွင် ၂၄ နာရီ လုပ်ငန်း လည်ပတ်နိုင်သည့်အတွက် အချိန်ပြည့်ဝန်ဆောင်မှုပေးလျက်ရှိပြီး ကျန်မိုဘိုင်း စခန်း ၂၀ မှာ လျှပ်စစ်ဓာတ်အားရရှိမှုနှင့် စက်သုံးဆီရရှိမှုအခြေအနေများအရ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသေးပါကြောင်း၊ လျှပ်စစ်ဓာတ်အားနှင့် စက်သုံးဆီများ ပုံမှန်ပြန်လည်ရရှိပါက ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ အချိန်ပြည့်ရရှိအောင် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

မိုင်းယန်းမဲဆန္ဒနယ်မှ ဦးစိုင်းဆမ်၏ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုရှိ ရွာ ၆ ရွာတွင် ဖုန်းဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် တည်ဆောက်ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် မိုင်းယန်းမြို့နယ်တွင် MPT ၊ U9 နှင့် Mytel တို့မှ စုစုပေါင်း မိုဘိုင်းစခန်း ၈ ခုကို တည်ဆောက်ထားရှိပြီး မိုင်းယန်းမြို့ရှိ အချို့သော ကျေးရွာများသို့ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံမှုရှိအောင် ဆောင်ရွက်ထားပါကြောင်း၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုရှိ ကျေးရွာ ၆ ရွာတွင် လျှပ်စစ်ဓာတ်အား မရရှိနိုင်မှု၊ အဝေးဆက်သွယ်ရေးဆက်ကြောင်းများ တည်ဆောက်ရန် ခက်ခဲမှုတို့ကြောင့် မိုဘိုင်းစခန်းအသစ် တည်ဆောက်တပ်ဆင်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း။

ဆက်သွယ်ရေးဆက်ကြောင်းများ တည်ဆောက်ချိတ်ဆက်နိုင်မှုနှင့် နယ်မြေဒေသအခြေအနေများအပေါ် မူတည်ပြီး ကွင်းဆင်းတိုင်းတာနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကွင်းဆင်းတိုင်းတာရရှိမှုအခြေအနေများအပေါ် မူတည်၍ အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ၏ စည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက မိုဘိုင်းစခန်းများ တည်ဆောက်နိုင်ရေး ဘဏ္ဍာနှစ်အလိုက် လျာထားစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ငါန်းဇွန်မဲဆန္ဒနယ်မှ ဦးလှမင်း၏ ငါန်းဇွန်မြို့နယ်အတွင်း မူလတန်းကျောင်းမှ အထက်တန်းကျောင်းအထိ စုစုပေါင်း ၁၂၇ ကျောင်းရှိသည့်အနက် ၆၆ ကျောင်းမှာ ယာယီပိတ်ထားရပါသဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရေး မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်အတွင်း ၁၂၇ ကျောင်းအနက် ၆၁ ကျောင်းဖွင့်လှစ်ထားပါကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ယာယီပိတ်ထားသောကျောင်း၆၆ ကျောင်းအနက် ဂျို၊ ကမ္မ၊ မဂျီ၊ ရွှေတောင်၊ ငါန်းလွန့်၊ ဆပ်ပြာကျင်း၊ သပြေသာ၊ သပြေကန်ကျေးရွာများရှိ အထက၊ အထက (ခွဲ)၊ အလက(ခွဲ)၊ အမကကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေး လျာထားသော်လည်း သပြေသာအခြေခံပညာမူလတန်းကျောင်း တစ်ကျောင်းကိုသာ ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ကျန်ရှိသည့် ၇ ကျောင်း ဆက်လက်ဖွင့်လှစ်နိုင်ပါက သင်ကြားသင်ယူမှုလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွင့်ကျောင်းများတွင် ယာယီတွဲဖက်ထားသော အဆိုပါကျောင်းများမှ ကျောင်းအုပ်အပါအဝင် ဆရာ၊ ဆရာမများအား ပြန်လည်တာဝန်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်ထားပါကြောင်း ပြန်လည်ဖြေကြားသည်။

မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းလောင်း၏ မိုင်းပျဉ်းမြို့နယ်ရှိ အ.မ.က ၂၆ကျောင်းတွင် လိုအပ်နေသော ဆရာ/ ဆရာမများအား ခွဲဝေခန့်ထားပေးနိုင်ရေး လာမည့်ပညာသင်နှစ်တွင် ဆောင်ရွက်ပေးနိုင်မည့်အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်း အခြေခံပညာမူလတန်းကျောင်း ၂၆ ကျောင်းရှိပြီး အဆိုပါကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ သင်ကြားသင်ယူမှု အဆင်ပြေစေရေးအတွက် မြို့နယ်အတွင်းရှိ ဆရာပြည့်မီသော ကျောင်းများမှ ဆရာ၊ ဆရာမများကို တွဲဖက်တာဝန်ချထားပေး လျက်ရှိပါကြောင်း။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် Dip.Ed သင်တန်းဆင်းများ၊ B.A (Edu)၊ B.Sc(Edu) ပညာရေးဒီဂရီကောလိပ် သင်တန်းဆင်းများကို ဆရာ၊ ဆရာမ နည်းပါးသည့်ကျောင်းများတွင် ဦးစားပေး အစီအစဉ်အလိုက် ဖြည့်ဆည်းခန့်ထားသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းဆင်း ဆရာ၊ ဆရာမ အရေအတွက်ဖြင့် မလုံလောက်ပါကလည်း မြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများကို အလှည့်ကျ သို့မဟုတ် ယာယီတာဝန်ချထားပြီး သင်ကြားသင်ယူမှု အဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ပင်းတယမဲဆန္ဒနယ်မှ ဦးဝင်းဇော်၏ ပင်းတယမြို့နယ်အတွင်းရှိ သပြေကုန်းကျေးရွာရှိ အ.လ.က (ခွဲ) နှင့် ပင်ပျော်ကျေးရွာအုပ်စု အ.မ.က ရှောက်ချိုစာသင်ကျောင်းတို့တွင် ကျောင်းသားဦးရေနှင့် ကျောင်းဖွဲ့စည်းပုံအရ စာသင်ခန်းလုံလောက်မှုမရှိပါ၍ အလျား ပေ ၉ဝ၊ အနံ ပေ ၃ဝ တစ်ထပ် ကျောင်းဆောင်သစ် တစ်ဆောင်စီ ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိသိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်းတယမြို့နယ်၊ သပြေကုန်းအခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် စာသင်ဆောင် ၃ ဆောင်၊ စာသင်ခန်း ၆ ခန်း၊ တန်းခွဲ ၉ ခုဖြင့် ပညာသင်ကြားလျက်ရှိပြီး ကျောင်းသား/ တန်းခွဲဦးရေအရ စာသင်ခန်း ၃ ခန်း လိုအပ်နေသည့်အတွက် ပေ (၉၀ x ၃၀) RCC တစ်ထပ်ဆောင် ဆောက်လုပ်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘတ်ဂျက်လျာထားမှုအပေါ် ဦးစားပေးအစီအစဉ်အလိုက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ပင်ပျော်ကျေးရွာအုပ်စု၊ ရှောက်ချိုအခြေခံပညာမူလတန်းကျောင်းတွင် မူလတန်းကျောင်းသား ၁၈၉ ဦးရှိပြီး စာသင်ဆောင် ၂ ဆောင်၊ စာသင်ခန်း ၆ ခန်း၊ တန်းခွဲ ၆ ခုဖြင့် ပညာသင်ကြားလျက်ရှိသည့်အတွက် ကျောင်းသားဦးရေအရ ရှောက်ချိုအခြေခံပညာမူလတန်းကျောင်းတွင် စာသင်ခန်းလုံလောက်မှုရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တောင်သူလယ်သမားရေးရာ ကော်မတီဖွဲ့စည်းမှုနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေးတို့နှင့် စပ်လျဉ်း သည့် ရှင်းလင်းတင်ပြချက်များကို လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် ကော်မတီဥက္ကဋ္ဌအဖြစ် ကန့်ဘလူမဲဆန္ဒနယ်မှ ဦးမြတ်ကျော်၊ အတွင်းရေးမှူးအဖြစ် လယ်ဝေးမဲဆန္ဒနယ်မှ ဦးဝင်းဌေးအပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် တာဝန်ပေးအပ်ဖွဲ့စည်းကြောင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေးတို့ကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာကော်မတီဖွဲ့စည်းမှုနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေးတို့နှင့်စပ်လျဉ်းသည့် ရှင်းလင်းတင်ပြချက်များကို လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် ကော်မတီဥက္ကဋ္ဌအဖြစ် ရေနံချောင်း မဲဆန္ဒနယ်မှ ဒေါ်ဝင်းမော်ထွန်း၊ အတွင်းရေးမှူးအဖြစ် ဝေါမဲဆန္ဒနယ်မှ ဦးအောင်နိုင်အပါအဝင် အဖွဲ့ဝင် ၁၅ ဦး ဖြင့် တာဝန်ပေးအပ်ဖွဲ့စည်းကြောင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေးတို့ကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပညာရေးမြှင့်တင်မှု ကော်မတီဖွဲ့စည်းမှုနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်ကော်မတီအစည်းအဝေးတို့နှင့်စပ်လျဉ်းသည့် ရှင်းလင်းတင်ပြချက်များကို လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် ကော်မတီဥက္ကဋ္ဌအဖြစ် ဗဟန်းမဲဆန္ဒနယ်မှ ဒေါက်တာလှတင့်၊ အတွင်းရေးမှူးအဖြစ် ဘားအံမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦးအပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် တာဝန်ပေးအပ်ဖွဲ့စည်း ကြောင်းနှင့်ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေးတို့ကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်တွင်း/ ပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီဖွဲ့စည်းမှုနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေးတို့နှင့်စပ်လျဉ်းသည့် ရှင်းလင်းတင်ပြချက်များကို လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် ကော်မတီဥက္ကဋ္ဌအဖြစ် ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဦးတင့်ဝေ၊ အတွင်းရေးမှူးအဖြစ် ပြည်ကြီးတံခွန်မဲဆန္ဒနယ်မှ ဦးအောင်နိုင်ဦးအပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် တာဝန်ပေးအပ်ဖွဲ့စည်းကြောင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေးတို့ကို လွှတ်တော်က အတည်ပြုကြောင်းကြေညာသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြပြီး ဒုတိယဥက္ကဋ္ဌက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် ပျဉ်းမနားမဲဆန္ဒနယ်မှ ဦးခင်မောင်ဌေးနှင့် အတွင်းရေးမှူးအဖြစ် သုံးခွမဲဆန္ဒနယ်မှ ဦးအောင်ကျော်မင်းတို့ကို တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လွှတ်တော် သို့ တင်ပြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြပြီး ဒုတိယဥက္ကဋ္ဌက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံသားများ၏ မူလအခွင့် အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေနှင့် အတွင်းရေးမှူးအဖြစ် မဟာအောင်မြေမဲဆန္ဒနယ်မှ ဦးစိုးနိုင်တို့ကို တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြပြီး ဒုတိယဥက္ကဋ္ဌက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးတို့ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် ကျိုက်လတ်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ကြီးနှင့် အတွင်းရေးမှူးအဖြစ် သနပ်ပင်မဲဆန္ဒနယ်မှ ဦးအောင်ဇော်လင်းတို့ကို တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဆောက်လုပ်ရေး၊စက်မှု၊ လျှပ်စစ် နှင့် စွမ်းအင်ဆိုင်ရာကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြပြီး ဒုတိယဥက္ကဋ္ဌက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးတို့နှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် ကနီမဲဆန္ဒနယ်မှ ဦးဉာဏ်ထွန်းနှင့် အတွင်းရေးမှူးအဖြစ် လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော်သူရတို့ကို တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးသတ္တမနေ့ကို ဇွန် ၁၂ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်