Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော် ဇွန် ၁၂

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHO-MVIHANE ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြပြီး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး H.E. Mr. Bounphieng CHANTHA-VONG နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတက လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံမှ လှိုက်လှဲနွေးထွေးစွာဖြင့် ကြိုဆိုပါကြောင်း၊ မိမိနိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အိမ်နီးနားချင်းနိုင်ငံများမှ အထူးကိုယ်စားလှယ်များနှင့် နိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် ယခုကဲ့သို့ တရားဝင်ခရီးစဉ်များ လာရောက်တွေ့ဆုံခြင်းသည်လည်း မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုအခြေအနေများအပေါ်တွင် အပြည့်အဝနားလည်ပြီး မြန်မာနှင့် အာဆီယံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရန် အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးလာရောက်ခြင်းဖြစ်သည်ဟု မိမိအနေဖြင့် နားလည်သဘောပေါက်ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်သူများ၏ရွေးချယ်မှု၊ လွှတ်တော်စင်မြင့်တွင် စနစ်တကျ ရွေးကောက်တင်မြှောက်မှုများဖြင့် ဖြစ်ပေါ်လာသည့် ရွေးကောက်ခံအစိုးရတစ်ရပ်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများအနေဖြင့်လည်း မိမိတို့နိုင်ငံရေးအစိုးရအပေါ် ထောက်ခံမဲပေးခဲ့ကြသည့် ပြည်သူများ၏ ဆန္ဒနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒအပေါ် မျက်ကွယ်မပြုကြရန်လိုကြောင်း၊ မိမိတို့အစိုးရအနေဖြင့် စတင်တာဝန်ယူစဉ်ကတည်းကပင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ဆောင်ရွက်ခဲ့ပြီး ၅ နှစ်တာကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောကြားလိုကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိမှသာလျှင် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မည်ကို ကောင်းစွာ နားလည်လက်ခံထားကြောင်း။

မိမိ၏သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားတွင် လာအိုနိုင်ငံမှ အထူးကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပေးခဲ့မှုနှင့် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရမှုအပေါ် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့မှုအတွက်လည်း ကျေးဇူးတင်ရှိကြောင်း၊ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အိမ်နီးနားချင်းကောင်း မိတ်ဆွေရင်းနိုင်ငံ၊ ယုံကြည်စိတ်ချရသည့် ညီအစ်ကိုနိုင်ငံများဖြစ်ကြကြောင်း၊ ထို့ကြောင့် အဆွေတော်၏ ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုခိုင်မာစေရေးအတွက် များစွာ အထောက်အကူပြုသည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက ပြန်လည်ဆွေးနွေးပြောကြားရာတွင် မိမိဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယခုကဲ့သို့ အချိန်ပေး၍ ဂါရဝပြုတွေ့ဆုံခွင့်ပေးသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယခုကဲ့သို့ ခရီးစဉ်လာရောက်နိုင်ခဲ့ခြင်းသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ဆက်ဆံရေးကို ပိုမိုအကျိုးသက်ရောက်မှုများရှိမည်ဖြစ်ပါကြောင်း၊ မိမိတို့သမ္မတကြီးအနေဖြင့် အဆွေတော်သမ္မတကြီးကို နှုတ်ခွန်းဆက်စကားပါးလိုက်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ကြပြီး ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများ တူညီကာ နှစ်ပေါင်း ၇၀ ကျော် ကာလရှည်ကြာသည့်တိုင်အောင် ချစ်ကြည်ရင်းနှီးကြသည့် နိုင်ငံများပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုနှင့် အဆွေတော်အနေဖြင့် သမ္မတအဖြစ် ရွေးကောက်ခံရမှုအပေါ်တွင်လည်း များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မိမိတို့လာအိုနိုင်ငံသမ္မတကြီးမှ အဆွေတော်သမ္မတကြီးအား လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်လာရောက်နိုင်ရေးအတွက် ဖိတ်ကြားလွှာကိုလည်း လက်ရောက်ပေးအပ်လိုပါကြောင်းနှင့် အဆိုပါခရီးစဉ်မှတစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ အာဆီယံနိုင်ငံများအကြား အချင်းချင်းဆက်ဆံမှုတို့ကို များစွာအထောက်အကူဖြစ်စေနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ ရွေးကောက်ခံအစိုးရ၏ နိုင်ငံတော်တာဝန် ထမ်းဆောင်နေမှုအပေါ် မားမားမတ်မတ်ရပ်တည် ထောက်ခံလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ တရားဝင် ခရီးစဉ် လာရောက်ခဲ့ရမှုအပေါ်တွင်လည်း များစွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ယင်းနောက် နှစ်နိုင်ငံအကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်တိုးတက်လျက်ရှိမှုနှင့် ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံ့ခေါင်းဆောင်များ အပြန်အလှန်လည်ပတ်ခဲ့မှုအခြေအနေများ၊ မြန်မာ-လာအို ချစ်ကြည်ရေးတံတားမှတစ်ဆင့် ကုန်သွယ်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကိုသာမက ဒေသတွင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ဆက်ဆံမှုအခန်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့် အာဆီယံဘုံသဘော တူညီချက်(၅)ရပ်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိမှုနှင့် ရွေးကောက်ခံအစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများအပေါ် လာအိုနိုင်ငံအနေဖြင့် အပြည့်အဝနားလည်မှုရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား ကြုံတွေ့နေရသည့် အခက်အခဲများကို အတူတကွ ရင်ဆိုင်ကျော်လွှားပြီး အပြန်အလှန်ကူညီ ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်